DVB Logo
Home
မြန်မာသတင်း
ဒီနေ့လွှတ်တော်အတွင်း ထူးခြားသတင်းများ
DVB
·
August 24, 2012
ဒီနေ့လွှတ်တော်အတွင်း ထူးခြားသတင်းများ
Donate to DVB

လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း လွှမ်းမိုးနေပြီလား

လွှတ်တော်အပေါ်မှာ လူပုဂ္ဂိုလ်တဦးဦး သို့မဟုတ် အဖွဲ့အစည်းတခုခုက လွှမ်းမိုးနေပြီလားလို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တဦးက မေးခွန်းထုတ်လိုက်တယ်လို့ မင်းမင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ပြောပါတယ်။

“သာပေါင်းမဲဆန္ဒနယ်က ဦးဝင်းသန်းက အဆို ဆိုတာထက် မေးခွန်းလို့ပြောရင် မှန်ပါလိမ့်မယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးက စောင့်ဆိုလို့ စောင့်ကြပေမယ့် ယနေ့ထက်ထိ  အကျိုးရလဒ်တစုံတရာ မပေါ်ပေါက်ခဲ့ဘူး။ မနေ့ကလည်းပဲ ပြည်သူ့လွှတ်တော်မှာ အစည်းအဝေး မကျင်းပနိုင်ခဲ့ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အချိန်နဲ့လုပ်အားတွေကို ဖြုန်းတီးရာရောက်ပါတယ်။ ဒါကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီးက မိမိရဲ့ တာဝန်ကို မယူဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုနေပါသလား။ နောက်တချက်က လွှတ်တော်ကို စိုးမိုးထားတဲ့ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတခုခုများ ရှိနေပါသလား။ နောက်တချက်က ပြီးခဲ့တဲ့ ကိစ္စတွေအပေါ်မှာ တာဝန်ရှိတဲ့ ဥက္ကဋ္ဌကြီးက ဖြေရှင်းရှင်းလင်းပေးပါဆိုပြီးတော့ အမေးအဆိုပေါ့၊ အမေးနဲ့ယှဉ်တဲ့ အဆိုတင်ပါတယ်။”

ဒီမေးခွန်းနဲ့ ပတ်သက်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော် အထက်မှာ ဘယ်သူမှ ရှိမနေဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းပန်

သြဂုတ်လ ၂၃ ရက်က ကျင်းပ ပြုလုပ်ဖို့ရှိတဲ့ လွှတ်တော်အစည်းအဝေး ကျင်းပချိန်အမီ ရောက်မလာနိုင်တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ဒီနေ့လုပ်တဲ့ ပြည်သူ့လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းပန်လိုက်ပါတယ်။

နိုင်ငံတော် သမ္မတနဲ့ အငြင်းပွားနေတဲ့ အခြေခံဥပဒေခုံရုံးကိစ္စ ဆွေးနွေးနေတာကြောင့် လွှတ်တော်ကျင်းပချိန်အမီ ရောက်မလာနိုင်တာ ဖြစ်ကြောင်း ဦးရွှေမန်းက ဒီပြောကြားလိုက်ပါတယ်။ မနေ့က မနက်ပိုင်းမှာ ကျင်းပဖို့ရှိတဲ့ လွှတ်တော်နှစ်ရပ်စလုံးကို လွှတ်တော်ဥက္ကဋ္ဌတွေ ရောက်မလာလို့ ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ရခိုင်အရေးမှတ်တမ်း သမ္မတရဲ့ သုံးသပ်ချက်မဟုတ်ဟုဆို

သမ္မတရဲ့သ၀ဏ်လွှာနဲ့အတူ ဖော်ပြပါရှိတဲ့ ရခိုင်အရေး သတင်းသုံးသပ်ချက်တွေဟာ သမ္မတရဲ့သုံးသပ်ချက် မဟုတ်ဘူးလို့ သမ္မတရုံးညွှန်ကြားရေးမှူးရဲ့ ဖေ့စ်ဘွတ် အင်တာနက်စာမျက်နှာမှာ ဒီနေ့ ရေးသားဖော်ပြထားပါတယ်။

ဒီမှတ်တမ်းဟာ ပြည်တွင်းပြည်ပ သတင်းဌာနတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ၀န်ကြီးဌာနတွေရဲ့ သတင်းတွေကို စုစည်းထုတ်နုတ်ထားတဲ့ သမ္မတထံ တင်ပြချက်သာ ဖြစ်ပြီး၊ တိကျ မှန်ကန်တဲ့ ဖြေရှင်းချက်မဟုတ်ဘူးဆိုတာ သမ္မတက လက်ခံထားတယ်လို့လဲ ရေးသားထားပါတယ်။

သြဂုတ် ၂၃ ရက်က ပြည်ထောင်စု လွှတ်တော်ကိုပေးပို့တဲ့ သ၀ဏ်လွှာကို လွှတ်တော်ကိုယ်စားလှယ်တချို့က ကန့်ကွက်ခဲ့တဲ့အတွက် အဲ့ဒီသ၀ဏ်လွှာကို လွှတ်တော်မှာ ဖတ်ကြား၊ မှတ်တမ်းတင်ဖို့ မလုပ်နိုင်ခဲ့ပါဘူး။

ဒီသတင်းမှတ်တမ်းကို ကန့်ကွက်ခဲ့တဲ့အထဲပါဝင်သူ တဦးဖြစ်တဲ့ ဒေါက်တာအေးမောင်က အခုလို သမ္မတရုံးညွှန်ကြားရေးမှူးဝက်ဘ်ဆိုဒ်မှာ ရှင်းလင်းဖော်ပြတဲ့အတွက် ကြိုဆိုလိုက်ပြီး ဒီမှတ်တမ်းကို ကန့်ကွက်ခဲ့ရတဲ့ အကြောင်းရင်းကို ပြောပြပါတယ်။

“ဒီသတင်းအပေါ်မှာ ရိုက်ခတ်လာမယ့် ဂယက်တွေက ဘာတွေဖြစ်လာနိုင်သလဲဆိုတာ၊ အခြေအမြစ်ရှိတဲ့ သုံးသပ်ချက်လား၊ တကယ်ဖြစ်နေလို့လား၊ ဘယ်လိုအထောက်အထားတွေ ရှိသလဲဆိုတဲ့ မေးခွန်းပေါင်းစုံဟာ ရခိုင်စီးပွားရေးလုပ်ငန်းရှင်ဆီကဖြစ်ဖြစ်၊ သံဃာထုဆီကဖြစ်ဖြစ်၊ ရခိုင်ပါတီကဖြစ်ဖြစ်၊ ရခိုင်ပြည်သူလူထုဆီကပဲဖြစ်ဖြစ် ရောက်ရှိလာမှာဆိုတော့ တည်ငြိမ်အေးချမ်းမှုကို လှိုင်းဂယက်လေးတခုဖြစ်သလို လုပ်ပေးလိုက်သလို ဖြစ်သွားမှာလည်းကြောက်တယ်။ အဲဒါကြောင့် ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူး။ ကျနော်တို့သုံးသပ်ချက်တွေ၊ ကျနော်တို့ကြုံတွေ့ကြရတဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ ပြောင်းပြန်ဖြစ်တယ်။ ဒါကြောင့် ဒီသုံးသပ်ချက်ဟာ နိုင်ငံတော်သမ္မတကြီးရဲ့ သ၀ဏ်လွှာမှာ မပါအပ်ဘူး။ ပါတယ်ဆိုရင် ဒီလွှတ်တော်မှာ ဒီလိုသုံးသပ်ချက်မျိုးကို ဒီကာလ ဒီနေရာမှာ မှတ်တမ်းမတင်အပ်ဘူး။ မှတ်တမ်းတင်မယ်ဆိုရင်လည်း သမိုင်းတာဝန်ပေးချက်အရ ကျနော်တို့ဟာ ဒီလွှတ်တော်ကြီးကို ရောက်ရှိလာတဲ့ ရခိုင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ အမတ်တွေဖြစ်တာမို့ တရားနည်းလမ်းတကျ ဥပဒေလမ်းကြောင်းနဲ့အညီ ကန့်ကွက်မှုပြုရပါလိမ့်မယ်လို့ ဆုံးဖြတ်ပြီး ကန့်ကွက်လွှာကို တင်ခဲ့ပါတယ်။”

သြဂုတ် ၂၃ ရက်က ပြည်ထောင်စုလွှတ်တော်ကိုပေးပို့တဲ့ သမ္မတရဲ့ သ၀ဏ်လွှာနဲ့အတူ ဖော်ပြပါရှိတဲ့ ရခိုင်အရေးသုံးသပ်ချက် မှတ်တမ်းမှာ စွပ်စွဲပြစ်တင်ထားတဲ့ ၀ိဝါဒကွဲစရာ အချက်အလက်တွေ ဖော်ပြပါရှိတာ တွေ့ရပါတယ်။ အဲ့ဒီမှတ်တမ်းမှာ နိုင်ငံရေးပါတီတွေ၊သံဃာတချို့နဲ့ လူပုဂ္ဂိုလ်တချို့တို့ ခေါင်းဆောင်ပြီး၊ လူမျိုးရေး မုန်းတီးမှုစိတ်ဓာတ် မြှင့်တင်တိုက်ခိုက်လိုစိတ်ဖြစ်အောင် လှုံ့ဆော်တယ်။ နိုင်ငံအနှံ့အပြားမှာ နေထိုင်တဲ့ ဘင်္ဂါလီမူဆလင်တွေအပေါ် အကြမ်းဖက်ဖို့ အဆက်မပြတ် ကြံစည်လုပ်ဆောင်နေတယ် စတဲ့ အချက်တွေ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်ထဲ ခိုးဝင်တဲ့ ဘင်္ဂါလီတွေကို ထိထိရောက်ရောက် မတားဆီးဘူး၊ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းတွေ အဂတိလိုက်စားတာလဲ အရေးမယူဘူးဆိုပြီး အစိုးရကို စွပ်စွဲထားကြောင်းလည်း ဖော်ပြထားပါတယ်။

ခုံရုံးနှင့် လွှတ်တော်နှစ်ရပ်အငြင်းပွားမှု သြဂုတ် ၂၈ ရက် ဆွေးနွေးမည်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနဲ့ လွှတ်တော်နှစ်ရပ်အကြား အငြင်းပွားနေတဲ့ ရေးရာကော်မတီတွေ ဟာ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် ကိစ္စရပ်နဲ့ ပတ်သက်ပြီး၊ ရှေ့လာမယ့် သြဂုတ် ၂၈ ရက်နေ့ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးကြဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013