စစ်အစိုးရကို ဆန့်ကျင်သည့် စာသားများကြောင့် နာမည်ကြီးနေသည့် ထိုင်းရက်ပ်သီချင်း (ရုပ်သံ)

လက်ရှိအာဏာရ စစ်အစိုးရကို ဆန့်ကျင်ရှုတ်ချထားတဲ့ သီချင်းစာသားတွေနဲ့ ရေး သားဖန်တီးထားတဲ့ ထိုင်းရက်ပ်ပါတွေ သီဆိုထားတဲ့ သီချင်းတပုဒ်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။ လက်ရှိမှာတော့ Rap Against Dictatorship အဖွဲ့ရဲ့ ဒီတေးသီချင်းထဲမှာ ပါဝင် တဲ့ စစ်တပ်၊ အကျင့်ပျက်ခြစားမှု၊ ဆင်ဆာနဲ့ ရွေးကောက်ပွဲမရှိမှုတွေအကြောင်း စာသား တွေအပေါ် ထိုင်းရဲတပ်ဖွဲ့က အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ဆောက် သ်ချိုင်းနားမောနင်းပို့စ်သတင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့က ဖော်ပြပါတယ်။ ပရာသက်ခူမီးလို့ ထိုင်းဘာသာနဲ့ အမည်ပေးထားတဲ့ ဒီသီချင်းရဲ့ အမည်ဟာ မြန် မာလိုဆိုရင်တော့ “ငါ့နိုင်ငံတော် ဘယ်ဟာလဲ”လို့ အဓိပ္ပာယ်ရပါတယ်။ ဒီသီချင်းကို ယူကျုဘ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် အောက်တိုဘာလ ၂၂ ရက်နေ့က မျှဝေခဲ့ချိန်မှာ ကြည့်ရှုသူ သန်းနဲ့ချီရှိနေခဲ့ပြီး ဝေဖန်မှတ်ချက်တွေ ထောင်သောင်းမက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ နည်းပညာနဲ့ ရာဇ၀တ်ပြစ်မှုဆိုင်ရာ နှိမ်နင်းရေးရဲဌာနခွဲမှ ပြောရေးဆို ခွင့်ရှိသူတဦးဖြစ်တဲ့ ဆီရိဝတ်ဒီးဖော်ကတော့ “လက်ရှိမှာတော့ စုံစမ်းစစ်ဆေးရေးအရာရှိတွေက ဒီကိစ္စအပေါ် စစ်ဆေးမှုတွေ လုပ်ဆောင်နေတုန်းပါ။ ဒါက အချိန်နည်းနည်းကြာနိုင်ပါတယ်။ ဒီကိစ္စက ထိလွယ်ရှလွယ်ကိစ္စမို့လို့ပါ”လို့ ပြောပါတယ်။ နောက်ထပ်ပြီး သူက ဒီတေးသီချင်းရုပ်သံကို အင်တာနက်ပေါ်မှ ပြန်လည်မျှဝေခဲ့ သူတွေကိုလည်း ပစ်မှတ်ထားစုံစမ်းမှုတွေ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ “တကယ်လို့များ ဒီသီချင်းက ကွန်ပျူတာရာဇ၀တ်ပြစ်မှုဆိုင်ရာ အက်ဥပဒေအရ မှားယွင်းတဲ့ သတင်းပေးမှု၊ အချက်အလက်တွေ ဖြန့်ဝေစေမှုနဲ့ ငြိစွန်းခဲ့ရင်တော့ ဒီသီချင်းကို တင်တဲ့သူရော၊ ဒါကိုမျှဝေတဲ့သူတွေဟာလည်း ထပ်တူပြစ်ဒဏ်ချမှတ်ခံရမှာပါ။” အဖြူအမည်း မြင်ကွင်းတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ သီချင်းရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရက်ပ်ပါတယောက်က “မင်းရှိနေတဲ့ နိုင်ငံမှာ ကျည်ဆန်တတောင့်ကို ရွေးရမယ်၊ ဒါမှမဟုတ် အမှန်တရားကို သတ်ပစ်ရမယ်” ဆိုတဲ့ စာသားတွေနဲ့ သီဆိုသရုပ်ဆောင်ထားခဲ့တာကို တွေ့ရပါတယ်။ နောက်တနေရာမှာတော့ “စာမဖတ်တဲ့သူတွေနေတဲ့ နိုင်ငံ၊ အထူးသဖြင့် ခေါင်း ဆောင်တောင် စာမဖတ်တဲ့ နိုင်ငံ” စတဲ့ စာသားတွေနဲ့ သီဆိုထားခဲ့ကြတာကို တွေ့ရပါတယ်။ သီချင်းတပုဒ်လုံးမှာတော့ အဖြူအမည်းအရောင်တွေသာ အသုံးပြုထားပြီး ထိုင်းနိုင်ငံ အလံနဲ့ ခြယ်သထားတဲ့ ဂစ်တာကိုသာ အရောင်နဲ့ တွေ့မြင်ကြရမှာပါ။ ဒီသီချင်းအပေါ် တချို့ကလည်း ကြိုဆိုခဲ့ကြပြီး တချို့ကလည်း ပြစ်တင်ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးကတော့ “မင်းတို့ မကြိုက်ရင် နိုင်ငံထဲက ထွက်သွား” လို့ မှတ်ချက်ရေးခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီအုပ်စုလိုက် သီချင်းရုပ်သံထဲမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဂျက်ကို ဘွိုင်ကတော့ ဒီသီချင်းဖြစ်လာတာက နိုင်ငံရေးအကြောင်း ပြောချင်ကြတဲ့ အနုပညာရှင်တွေ စုပေါင်းသီဆိုထားခဲ့ကြတာလို့ ပြောပါတယ်။ “ဒါက လူတွေဆီက သူတို့ရဲ့ လူမှုဘ၀တွေမှာရော၊ အင်တာနက်လူမှုကွန်ရက်တွေမှာပါ ကြားရတဲ့ အရာတွေပါပဲ။ သီချင်းထဲမှာပါတဲ့ ဘယ်အကြောင်းအရာကမှ ဥပဒေကို ချိုးဖောက်ထားတာ မပါဝင်တဲ့အတွက် ကျနော်က သက်ဆိုင်ရာအာဏာပိုင်တွေကို မကြောက်ပါဘူး။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up