Home
မြန်မာသတင်း
တပ်မတော်ထောက်ခံပွဲ အစဉ်အလာကောင်း ဆက်ထိန်းသိမ်းရန် ဗိုလ်ချုပ်မှူးကြီးတိုက်တွန်း
DVB
·
November 2, 2018
မျိုးချစ်စိတ်ထက်သန်သူတွေရဲ့ တပ်မတော်ထောက်ခံပွဲတွေက အစဉ်အလာကောင်း တွေဖြစ်လို့ ဆက်လက်ထိန်းသိမ်းကြရမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောပါတယ်။ အောက်တိုဘာ ၃၁ ရက်က နေပြည်တော်မှာလုပ်တဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ (၂၀၁၈) အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြည်ပနိုင်ငံတချို့၊ အဖွဲ့အစည်းတချို့က မိမိတို့နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်ပြီး တဖက်သတ်ပုတ်ခတ်မှုတွေကို အမြို့မြို့အနယ်နယ်ရှိ အမျိုးသားရေးနဲ့ မျိုးချစ်စိတ်ဓာတ်ထက်သန်တဲ့ ပြည်သူတွေက မိမိတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာထိပါးမှုကို ဆန့်ကျင်ပြီး တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ထောက်ခံပွဲတွေ ပြုလုပ်နေ သည်ကိုတွေ့ရတယ်၊ ဒီဆောင်ရွက်ချက်တွေဟာ နိုင်ငံတော်နဲ့ ပြည်သူအပေါ်ထားရှိတဲ့ တပ်မတော်ရဲ့ စစ်မှန်သော သဘောထားတွေကို သိရှိပြီး တပ်မတော်နဲ့ ပြည်သူတသားတည်း ရှိတယ်ဆိုတဲ့  ပြယုဂ်ပဲဖြစ်တယ်၊ ဒီလိုအစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းကြရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။ အမျိုးသားရေးတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေမယ့် အပြောအဆို အပြုအမူ တွေကို သတိပြုကြဖို့လည်း တပ်မတော်အကြီးအကဲက ပြောပါတယ်။ စစ်မှုထမ်းဟောင်းအစည်းအဝေးကို ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း စသူတွေ တက်ရောက်ခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးသတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024