DVB Logo
Home
မြန်မာသတင်း
ဝပ်ဆိုင်မွန်းတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်လှစ်ခွင့်ရ
DVB
·
August 24, 2012
ဝပ်ဆိုင်မွန်းတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်လှစ်ခွင့်ရ
1 / 3
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ၀ပ်ဆိုင်မွန်းမြန်မာ ဘုန်းတော်ကြီးကျောင်းကို မြန်မာသံဃာတွေ ဆက်လက် ကျောင်းထိုင်ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကျောင်းတွေ ဖွင့်နိုင်တယ်လို့ ချင်းမိုင်ခရိုင် ဒုတိယ သံဃရာဇာ ဆရာတော် ဖရာ့ ရတ်ပါရီယတ် မဲသီက ဒီနေ့ မိန့်ကြားပါတယ်။

ထိုင်းဆရာတော်ဟာ ၀ပ်ဆိုင်မွန်းကျောင်းနေ ဆရာတော်တွေ၊ ဂေါပကအဖွဲ့၊ ၀ပ်ဆိုင်မွန်းမြန်မာ ဗုဒ္ဓဘာသာ အသင်းဝင်တွေနဲ့ ဒီနေ့လယ် တွေ့ဆုံရင်း မိန့်ကြားလိုက်တာပါ။

[caption id="attachment_29746" align="alignleft" width="266" caption="ထိုင်းဆရာတော်မိန့်ကြားနေစဉ်"][/caption]

ဝပ်ဆိုင်မွန်းမြန်မာ ဗုဒ္ဓဘာသာအသင်းက ကြီးမှူးပြီး မြန်မာစာနဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အခြေပြုသင်တန်းကို စက်တင်ဘာ ၁ ရက်နေ့က စပြီး ပထမဆုံးအကြိမ် ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ စနေတနင်္ဂနွေနေ့တိုင်း မနက် ၈ နာရီကနေ ညနေ ၅ နာရီ အထိ သင်ကြားပို့ချပေးမယ့် သင်တန်းအတွက် အသက် ၅ နှစ်အထက် ကလေးတွေ တက်ရောက် သင်ကြားနိုင်ပါတယ်။

ဆရာတော်ကို ထိုင်းနိုင်ငံ သံဃနာယက ဆရာတော်ကြီးတွေက စေလွှတ်တာဖြစ်ပြီး ဇူလိုင် ၉  ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုနဲ့အတူ တင်းမာမှုတွေ ပြေလျော့စေရေး ကူညီစောင့်ရှောက်ဖို့ ကြွလာတာလို့လည်း မိန့်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်း အခုလို တင်းမာမှုဖြစ်ရတဲ့အတွက် အထူး စိတ်မချမ်းမသာ ဖြစ်ရကြောင်း၊ နောက် ရပ်ကွက်နဲ့ မြို့နယ် သံဃမဟာနာယက အဖွဲ့က ဘာတွေပဲ ပြောဆိုလုပ်ဆောင်လို့ မကျေနပ်သည်ဖြစ်စေ မတုံ့ပြန်ဘဲ သူ့ကို တိုက်ရိုက်ဆက်သွယ်ပြီး ဖြေရှင်းဖို့ကိုလည်း ဆရာတော်က မိန့်ကြားပါတယ်။

ဝပ်ဆိုင်မွန်းကျောင်းထိုင် မြန်မာဆရာတော် ဦးအာသဘ ပျံလွန်တော်မူပြီးတဲ့နောက် မြန်မာ ဒကာတွေနဲ့ ဂေါပကတွေကို အသိမပေးဘဲ ထိုင်းရပ်ကွက်နဲ့ မြို့နယ် သံဃမဟာနာယက ဆရာတော်တွေက ထိုင်းကျောင်းထိုင် ဆရာတော်ကို ပင့်ဆောင်လာပြီး ကျောင်းထိုင် တင်မြှောက်ခဲ့လို့ ဇူလိုင်လက ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ နှစ်နိုင်ငံ အစိုးရချင်းကြား ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အခုလို ခရိုင် ဒုတိယသံဃရာဇာ ကိုယ်တိုင်ကြွရောက်လာတာပါ။

ထိုင်းနိုင်ငံတွင်းမှာ မွန်၊ မြန်မာနဲ့ ရှမ်း တိုင်းရင်းသားအများစုဟာ ရှေးယခင် အဆက်ဆက်ကတည်းက နေထိုင်ခဲ့ကြပြီး သက်ဆိုင်ရာ တိုင်းရင်းသားဆရာတော်တွေ အစဉ်အဆက် သီတင်းသုံး နေထိုင်ခဲ့ကြတဲ့ ဘုန်းတော်ကြီးကျောင်းတွေ ရှိနေပါတယ်။

အဲဒီကျောင်းတွေမှာလည်း သက်ဆိုင်ရာ တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေ ဆက်လက် သီတင်းသုံးနိုင်ပြီး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ အညီ ဘာသာရေး အခမ်းအနားတွေ လုပ်ဆောင်နိုင်တယ်လို့လည်း ဆရာတော် ဖရာ့ ရတ်ပါရီယတ် မဲသီက မိန့်ကြားခဲ့ပါတယ်။

ဝပ်ဆိုင်မွန်းမြန်မာ ဘုန်းတော်ကြီးကျောင်းကို ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်လက်ထက်မှာ တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၄၅၀ ကျော်လောက်က မြန်မာဗိသုကာလက်ရာတွေ တည်ရှိပါတယ်။

ချင်းမိုင်၊ ချင်းရိုင်နဲ့ လန်ပန် ခရိုင်တို့မှာ မြန်မာနိုင်ငံသား တိုင်းရင်းသား ၂ သိန်းကျော် နေထိုင်တယ်လို့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရဲ့အဆိုအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013