ကိုမင်းကိုနိုင် အနာဂတ်မြန်မာပြည်အရေး ဆွေးနွေးမည်
DVB
·
August 24, 2012

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မနက်ဖြန် ရန်ကုန်မြို့ ဗဟန်းမြို့နယ် က တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ အနာဂတ်မြန်မာပြည်အရေး စကားဝိုင်းမှာ ပင်တိုင်ဆွေးနွေးမယ် လို့ စီစဉ်သူတွေက ပြောပါတယ်။
"အသင်းအဖွဲ့များ၏ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည်" ဆိုတဲ့ အဲဒီ အပတ်စဉ်စကားဝိုင်းမှာ သူ အဓိကထားဆွေးနွေးသွားမယ့် ခေါင်းစဉ်ကတော့ "အရပ်ဘက်လူ့အဖွဲ့အစည်းများ ဘာကြောင့် အားကောင်းရန် လိုအပ်သလဲ" ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစကားဝိုင်းကို နေ့ခင်း ၂ နာရီစမှာဖြစ်ပြီး ၂ နာရီကြာမြင့်မယ်လို့ ဆိုပါတယ်။
ကိုမင်းကိုနိုင်ဟာ ပြန်လည်လွတ်မြောက်လာတဲ့ ဒီနှစ်ဆန်းပိုင်းကစလို့ "ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း" ဆိုတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို နယ်အသီးသီးကို သွားရောက်လှုပ်ရှားနေပြီး သူ့ ဆွေးနွေးချက်တွေမှာ နိုင်ငံတ၀န်း ကြုံတွေ့ရတဲ့ အခြေအနေတွေကို ထင်ဟပ်ဖွယ်ရှိပါတယ်။
ကိုမင်းကိုနိုင်ဟာ ၈၈၈၈ (ရှစ်လေးလုံး အရေးတော်ပုံ) ကာလကတည်းက ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင် ဦးဆောင်ခဲ့သူ ဖြစ်ပြီး၊ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး ဒီနှစ်ဆန်းမှာ ပြန်လွတ်လာခဲ့ပါတယ်။