မန္တလေးတွင် ရဲတပ်ကြပ်ကြီး ၁ ဦး မတော်တဆ သေနတ်ကျည်ဆန်ထိမှန်
DVB
·
November 1, 2018
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) နယ်မြေရဲစခန်းက ရဲတပ်ကြပ်ကြီးတဦး ဒီကနေ့ မနက် ၈ နာရီ ကျော်က သေနတ်ထိမှန် ဒဏ်ရာရသွားလို့ မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနကို တင်ပို့ထားရပါတယ်။
တရားရုံးထုတ် လုပ်ငန်းဆောင်ရွက်ဖို့ ရဲတပ်ကြပ် အောင်စိုးကို BA 94 ကိုယ်ထည်အမှတ် B - 12315 သေနတ်နဲ့ ကျည်အတောင့် (၄၀) ထုတ်ပေးထားရာက ရဲတပ်ကြပ် အောင်စိုး အိမ်သာအသွား သေနတ်ကို ရဲတပ်သား ချစ်မင်းဇော်ထံ ခေတ္တအပ်ထားခဲ့ရာမှာ ရဲတပ်သား ချစ်မင်းဇော်လက်ထဲကနေ ကျည်ဆန် ရုတ်တရက် ထွက်သွားခဲ့တာပါ။
အဆိုပါကျည်ဆန်ဟာ အနီးနားရှိ ရဲတပ်ကြပ်ကြီးဝင်းမြင့်ရဲ့ ညာဘက် ဝမ်းဗိုက်ကို ထိမှန်ပြီး ကျည်ထုတ်ချင်းပေါက်ထွက်သွားခဲ့တဲ့ ဒဏ်ရာကြောင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး အရေးပေါ်ဌာနကို တင်ပို့ထားရကာ ဒဏ်ရာက စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။
ကျည်ထိမှန်ခဲ့တဲ့ ရဲတပ်ကြပ်ကြီးဝင်းမြင့်ကို မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က ငွေ ငါးသောင်းကျပ်စီ ထောက်ပံ့ငွေပေးခဲ့ပါတယ်။
ရဲတပ်ကြပ်အောင်စိုးကိုတော့ ရဲစည်းကမ်းထိမ်းသိမ်းရေးဥပဒေအရ ခုံရုံးဖွဲ့စစ်ဆေး အရေးယူမယ်လို့ အမှတ် ၁၁ နယ်မြေစခန်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
အောင်အောင်နိုင်