လူထု ထောက်ခံအားပေးမှုဖြင့် စိန်ခေါ်မှုများကို ကျော်လွှားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
October 31, 2018
စိန်ခေါ်မှုတွေ အများကြီးကိုရင်ဆိုင်နေရပေမယ့် ပြည်သူတွေရဲ့ တက်တက်ကြွကြွပါဝင်မှု၊ မိတ်ဆွေတွေရဲ့ ထောက်ခံအားပေးမှုတွေနဲ့ ကျော်လွှားနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် ဧည့်ခံပွဲမှာ ပြောကြားခဲ့တာပါ။
ကုလသမဂ္ဂကို ဝင်ရောက်ချိန်က စပြီး မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြန်မာ့ နိုင်ငံခြားရေး မူဝါဒရဲ့ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ နုနယ်တဲ့ ဒီမိုကရေစီနိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေ အများကြီးကို ရင်ဆိုင်နေရပြီး မိတ်ဆွေတွေရဲ့ ထောက်ခံအားပေးမှုတွေနဲ့ ကျော်လွှားနိုင်ဖို့ စိတ်ပိုင်းဖြတ်ထား တယ်လို့ ပြောပါတယ်။
လုပ်ငန်းစဉ်ပေါင်း ၂၅၀ ပါဝင်တဲ့ မြန်မာ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို ချမှတ်ထားရှိပြီး အဲဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လမ်းပြမြေပုံ အဖြစ် ဆောင်ရွက်ပေးမယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အမျိုးသားရေး ကြိုးပမ်းအားထုတ်မှုအဖြစ် ပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှု အဆင့်မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံရဲ့ ဦးစားပေးလုပ်ငန်းတွေ၊ လိုအပ်ချက်တွေနဲ့ အညီ ကုလသမဂ္ဂနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ဒီပွဲကို ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော် ကော်မတီ အဖွဲ့ဝင်တွေ၊ အမြဲတမ်း အတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ သံတမန်တွေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ ကြပါတယ်။