DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ပြေးဒုက္ခသည်ကိစ္စ ကုလသမဂ္ဂကို စာပို့ကြရန် ကချင်အဖွဲ့တိုက်တွန်း
DVB
·
August 24, 2012
ကချင်စစ်ပြေးဒုက္ခသည်ကိစ္စ ကုလသမဂ္ဂကို စာပို့ကြရန် ကချင်အဖွဲ့တိုက်တွန်း
1 / 5
Donate to DVB

ကချင်စစ်ပြေးဒုက္ခသည်တွေကို တရုတ်အာဏာပိုင်တွေက အတင်းအဓမ္မပြန်ပို့နေတာဟာ  လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်တဲ့အတွက် ကုလသမဂ္ဂကို စာပို့ကြဖို့ ကချင်အမျိုးသားအဖွဲ့ (ကေအန်အို) က ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်ပါတယ်။

တရုတ်အစိုးရက သူတို့နိုင်ငံမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို အတင်းပြန်မပို့ဖို့ လူဝင်လူထွက် ထိန်းချုပ်စီမံရေး ဥပဒေမှာ ပြဋ္ဌာန်းထားပေမယ့်လည်း  ရွှေလီခရိုင်အာဏာပိုင်တွေက အတင်းအကျပ် ပြန်ပို့နေတာဟာ သူတို့ပေါ်လစီနဲ့ မညီညွတ်တဲ့အပြင် ဒုက္ခသည်ရွှေ့ပြောင်းရေးမှာ ခွဲခြားဆက်ဆံခံနေရတယ်လို့ ဆိုပါတယ်။

[caption id="attachment_29723" align="alignleft" width="300" caption="ယန်လုစခန်းမှဒုက္ခသည်များ"][/caption]

ကေအန်အို ဥက္ကဋ္ဌ ဒူဝါဘွမ်မော်ဝမ်လက “ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ကိုလည်း ကျနော်တို့ အကြောင်းကြားထားတယ်။ ယူအန်အိပ်ခ်ျစီအာကလည်း ဒုက္ခသည်တွေကို လာကြည့်သင့်ပါတယ်။ နိုင်ငံတကာကရော၊ အစိုးရရော ဒုက္ခသည်တွေကို လူသားချင်းစာနာပြီး လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်” ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့တုန်းက တရုတ်အမျိုးသားလူထုကွန်ဂရက်ကနေ ပြဋ္ဌာန်းလိုက်တဲ့ လူဝင်လူထွက်ထိန်းချုပ်စီမံရေးဥပဒေထဲမှာ ဒုက္ခသည်များဆိုင်ရာ ဥပဒေတခုကို ပထမဆုံး အကြိမ်အဖြစ် ထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။

အဲဒီဥပဒေထဲမှာ တရုတ်နိုင်ငံရောက် ဒုက္ခသည်တွေအနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေ မှာ နေထိုင်ခွင့်လက်မှတ် လျှောက်ထားပိုင်ခွင့်ရှိတဲ့အကြောင်း ပုဒ်မ ၄၅ မှာ အတိအလင်း ဖော်ပြထားပေ မယ့် ခရိုင်အာဏာပိုင်တွေက သူတို့အတွက်  ၀န်ထုတ်ဝန်ပိုးဖြစ်မှာစိုးလို့ အခုလို ဒုက္ခသည်တွေ အတင်းပြန်ပို့နေတာလို့ ဒူဝါဘွမ်မော်က ပြောပါတယ်။

ရွှေ့ပြောင်းရတဲ့အကြောင်းရင်းကို တရုတ်အာဏာပိုင်တွေကို မေးမြန်းရင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က သူတို့ဒုက္ခသည်တွေကို ကျန်းမာရေး၊ ပညာရေး ထောက်ပံ့မှု အနီးကပ်ဆောင်ရွက်ပေးနိုင်ဖို့ ရွှေ့ပြောင်းစေတာလို့ဖြေဆိုပြီး ကေအိုင်အေဘက်ကို မေးလိုက်ရင် တိုက်ပွဲတွေ မရှိတော့တဲ့အတွက် ဒုက္ခသည်တွေပြန်ပို့ဖို့ တရုတ်အာဏာပိုင်တွေက လာညှိနှိုင်းကြောင်း ဖြေကြားခဲ့တယ်လို့ ကေအန်အိုဥက္ကဋ္ဌက ပြောပါတယ်။

အမှန်တော့ ကေအိုင်အေထိန်းချုပ်နယ်မြေထဲမှာလည်း တိုက်ပွဲတွေ နေ့တိုင်းလိုဖြစ်ပွားနေတုန်းမို့ ဒုက္ခသည်တွေအတွက် လုံခြုံမှုမရှိဘူးလို့ ပြောပါတယ်။

[caption id="attachment_29719" align="alignright" width="300" caption="ပြောင်းရွှေ့ပေးရန်ဖိအားပေးခံရသည့် ဒုက္ခသည်များ"][/caption]

တရုတ်အာဏာပိုင်တွေဟာ သြဂုတ် ၂၂ ရက်နေ့ မနက်ပိုင်းကစပြီး တရုတ်နိုင်ငံ ရွှေလီ ခရိုင် နောင်တောင်းမြို့နယ်ထဲမှာရှိတဲ့ ယန်လုနဲ့ လောဝ်ဖိုင်စခန်းက ဒုက္ခသည်ပေါင်း ၇၀၀ ကို အဲဒီနေရာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ကေအိုင်အေ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ လနဇွပ်ဂျာနဲ့ ဘွမ်စစ်ပါ စခန်းကို ဘတ်စ်ကားကြီးတွေနဲ့ လာရောက် ရွှေ့ပြောင်းခဲ့တာပါ။

ဒုက္ခသည် အကူအညီပေးနေသူ အမျိုးသမီးတဦးက “စခန်းထဲကိုလာတဲ့ စစ်သားတွေ၊ စစ်ဝတ်စုံယူနီဖောင်းဝတ်သူ တချို့ကတော့ စခန်းကိုဖျက်တယ်။ စခန်းထဲမှာ ဓာတ်ပုံရိုက်တဲ့သူတွေဆီက ကင်မရာတွေ အားလုံးယူသွားကြတယ်။ ဖုန်းပြောရင်လည်း ဖုန်းအားလုံးသိမ်းတယ်။ ဘာမှပြောဆိုပိုင်ခွင့်မရှိ၊ ဘာမှ လုပ်ပိုင်ခွင့်မရှိဆိုတဲ့ အခြေအနေမျိုးထိ ပစ္စည်းအားလုံးကို ကားပေါ်ကို ပစ်တင်ပေးလိုက်တယ်။”

အလားတူ နောင်တောင်းမှာရှိတဲ့ ခဒေါင်ပါ၊ နားကောင်းကောင်၊ လုံဂရောက် စတဲ့ စခန်းတွေဟာ မိုးတွင်းသွားလာရေးခက်ခဲတဲ့အတွက် မိုးကုန်တဲ့အထိနေခွင့်ပြုမယ်လို့ တရုတ် အာဏာပိုင်တွေက ပြောထားပေမယ့် မနေ့ည ၉ နာရီမှာတော့ ကား ၁၀ စီးနဲ့ ရောက်ချလာပြီး မနက်ဖြန် မနက် ချက်ချင်းပြောင်းရမယ်လို့ လာပြောတဲ့အတွက် တညလုံး ဒုက္ခသည်တွေ ရုတ်ရုတ်သဲသဲဖြစ် ကုန်တယ်လို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) နဲ့ အစိုးရတပ်ကြား ၁ နှစ်ကျော် ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့်  ပြည်တွင်းမှာရော၊ ကေအိုင်အိုထိန်းချုပ်နယ်မြေနဲ့ တရုတ်နယ်စပ်တွေမှာပါ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည် စုစုပေါင်း ၈ သောင်းကျော်လောက်ရှိပြီး  နောင်တောင်းဒေသ ဒုက္ခသည်စခန်းပေါင်း ၆ ခုမှာ အိမ်ထောင်စုပေါင်း ၉ ရာကျော်၊ လူဦးရေ ၄ ထောင်ကျော်ရှိတယ်လို့ ဒုက္ခသည်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013