A d v e r t i s e m e n t With Us

မြန်မာ့လက်ရွေးစင်အသင်း ကာတာတပ်မတော်အသင်းကို ၂ ဂိုးပြတ် အနိုင်ရ

ဓာတ်ပုံ - MFF
ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြည်ပမှာ သွားရောက်လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းဟာ ကာတာတပ်မတော်အသင်းနဲ့ အောက်တိုဘာ ၂၈ ရက်က ခြေစမ်းကစားရာမှာ ၂-၀ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်း ပွဲချိန် ၂၃ မိနစ်မှာ ဇင်မင်းထွန်းက တဂိုး၊ ပွဲချိန် ၃၈ မိနစ်မှာ တိုက်စစ်မှူး အီစိုးက တဂိုး သွင်းယူပေးခဲ့တာပါ။ မြန်မာအသင်းမှာ ဇော်မင်းထွန်း၊ သိန်းသန်းဝင်း၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ လွင်မိုးအောင်၊ ဇင်မင်းထွန်း၊ ပြည့်ဖြိုးဇော်၊ အီစိုးနဲ့ အသင်းခေါင်းဆောင်အဖြစ် ဂိုးသမား ကျော်ဇင်ထက်တို့ကို ပွဲထုတ်ခဲ့ပြီး လက်ကောက်ဝတ်ဒဏ်ရာရထားတဲ့ တိုက်စစ်မှူး အောင်သူလည်း ပထမဆုံး လူစားဝင် ကစားခဲ့ပါတယ်။ မြန်မာအသင်းဟာ လာမယ့်လ စတင်ကျင်းပမယ့် ဆူဇူကီးဖလားပြိုင်ပွဲ မတိုင်ခင် နိုင်ငံတကာ ခြေစမ်းပွဲ ၆ ပွဲ ကစားခဲ့ရာမှာ ပထမဆုံးနိုင်ပွဲ ရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာတော့ အင်ဒိုနီးရှားကို ၃ ဂိုးပြတ်၊ ဘိုလီးဗီးယားကို ၃ ဂိုးပြတ်၊ ဘာရိန်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ကာတာကလပ် အယ်လ်ဒူဟေးလ်အသင်းကို ၂-၁ ဂိုး၊ ကာတာတပ်မတော်အသင်းကို  ၁ ပွဲသရေ၊ ၁ ပွဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up