Home
မေးမြန်းခန်း
တင်ထုတ်စနစ်က ထုတ်တင်စနစ် ပြောင်းလဲတဲ့အပေါ် ပြန်ဆက် ညွှန်ကြားရေးမှူးချုပ်ကို မေးမြန်းချက်
သန်းဝင်းထွဋ်
·
August 24, 2012
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကစပြီးတော့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဌာနကနေ တင်ထုတ် စနစ်ကနေ ထုတ်တင်စနစ်ကို ပြောင်းတဲ့အကြောင်း၊ ဒီတင်ထုတ်စနစ်ကို သတ်မှတ်ထားတဲ့ နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာ စာအုပ်တွေ၊ စာစောင်တွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကို စာပေစိစစ်ရေးခွင့်ပြုချက် ရယူစရာမလိုတော့ဘဲ ထုတ်နိုင်ပြီး စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကို ကြိုတင် အစီရင်ခံစရာ၊ စိစစ်စရာ မလိုတော့တဲ့ အခြေအနေတွေ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ [caption id="attachment_29702" align="alignleft" width="300" caption="ဦးရဲထွဋ်နှင့် ဦးသန်းဝင်းထွဋ်"][/caption] ဒီအပြောင်းအလဲနဲ့ ပတ်သက်ပြီး ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့က စပြီး ကျင့်သုံးတဲ့ စာပေစိစစ်ရေး မရှိတော့ဘူးဆိုတာနဲ့ ပတ်သက်ပြီး အတိုဆုံး အနှစ်ချုပ်ပြီး ရှင်းရှင်းလင်းလင်း ပြောပြပေးလို့ရမလား။ “အဓိကတော့ဗျာ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနခွဲ မရှိတော့ဘူးလို့ ပြောတာ မဟုတ်ပါဘူးဗျ။ ထုတ်ဝေမယ့် စာတွေကို ကြိုတင်စိစစ်တဲ့ စနစ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြောတာ ဖြစ်ပါတယ်။” ကြိုတင်ပြီးတော့ စိစစ်ရတဲ့စနစ် မရှိတော့ဘူး။ တင်ထုတ်ကနေ ထုတ်တင်ဖြစ်သွားတယ်ပေါ့နော်။ အဲဒါကို ဘယ်လိုကွာတယ်ဆိုတာကိုရော ရှင်းပြပေးပါဦး။ “တင်ထုတ်ကတော့ စာနယ်ဇင်းတွေ၊ ဂျာနယ်တွေအနေနဲ့ သူတို့ဂျာနယ်မထွက်ခင် စာပေစိစစ်တာ သတ်မှတ်တဲ့ကာလပေါ့။ ပထမမူကြမ်းက တပတ်ဆို တပတ်ပေါ့ဗျာ။ နောက်ဆက်တွဲဆိုရင် ၂ ရက် ၃ ရက်ပေါ့ ကြိုပြီးတင်ရပါတယ်။ ခွင့်ပြုချက်ရတော့မှ ထုတ်ခွင့်ရပါတယ်။ အဲဒီလို လုပ်တဲ့အခါကျတော့ စာနယ်ဇင်းတွေဘက်က နောက်ဆုံးရရှိတဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖော်ပြလို့ မရဘူးဆိုတဲ့ အခက်အခဲရှိပါတယ်။ နောက်တခုက ကျနော်တို့ဘက်က ဖြတ်တောက်တယ်ပေါ့။ ဒါတွေ ရှိတဲ့အတွက်ကြောင့် ၂၀၁၁ ခုနှစ် ဇွန်လကစပြီးတော့ အဆင့်ဆင့် လျှော့ပေါ့ပေးခဲ့ပါတယ်။ ထုတ်တင်စနစ် ဖြစ်သွားတော့ သတင်းယူတာ၊ သတင်းရေးသားတာအားလုံး နိုင်ငံတော်က ချမှတ်ထားတဲ့မူနဲ့အညီဖြစ်အောင် သက်ဆိုင်ရာ အယ်ဒီတာတွေ၊ သတင်းထောက်တွေက ကိုယ့်ဟာကို တာဝန်ယူပြီး ရေးသားဖို့ ဖြစ်ပါတယ်။ အဲဒီရေးသားတဲ့ဟာတွေကို ကျနော်တို့ဆီမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် စာကြည့်တိုက်တွေကို ဖြန့်ဝေပေးနိုင်ဖို့ သတ်မှတ်တဲ့စောင်ရေကို ကျနော်တို့ဆီကို ပို့ပေးရပါမယ်။ ဒီလိုမျိုး ကွာခြားသွားတာ ဖြစ်ပါတယ်။” စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကတော့ ရှိနေတုန်းပဲပေါ့နော်။ “စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနခွဲသည် ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း ဥပဒေအရ တည်ထောင်ထားတဲ့ ဌာန ဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့က ဒီဥပဒေကို မဖျက်သိမ်းသေးတာကြောင့် အဲဒီ ဥပဒေမှာ ဒီဌာနကို ပေးထားတဲ့ တခြားတာဝန်တွေလည်း ရှိပါသေးတယ်။ အဓိကအားဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်းတွေ၊ နိုင်ငံတွင်းမှာ ထုတ်ဝေတာတွေ အားလုံးကို မှတ်တမ်းတင်ပြီးတော့ နှစ်စဉ် မှတ်တမ်းစာအုပ်ထုတ်တဲ့ အလုပ်တွေ၊ စာကြည့်တိုက်တွေကို စာအုပ်စာတမ်းတွေ ခွဲဝေပေးတဲ့ ကိစ္စတွေ၊ အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့တွေအတွက် လိုအပ်တဲ့ စာစောင်တွေ၊ စာအုပ်တွေ ပေးရတဲ့ အဖွဲ့တွေ ဒါတွေ လုပ်ဖို့အတွက်ကတော့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနခွဲက ဆက်ပြီး ရှိနေဦးမှာ။ ၁၉၆၂ ဥပဒေ မရှိတော့ဘဲနဲ့ နောက်ထပ် ပုံနှိပ်မီဒီယာ ဥပဒေသစ်တခု ပေါ်လာရင်တော့ အဲဒီ ဥပဒေမှာ ပြည်ထောင်စုက ပြဋ္ဌာန်းလိုက်တဲ့အတိုင်း ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပြောင်းလဲဖွဲ့စည်းခြင်းတွေ ဖြစ်လာမှာပါ။” စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကနေ အဓိလုပ်မယ့် လုပ်ငန်းတွေထဲမှာ စာစောင်တွေ၊ အရေးယူတာမျိုး၊ ရပ်နားခိုင်းတာမျိုးတွေ မရှိတော့ဘူးလို့ ဆိုလိုတာလား။ “စာနယ်ဇင်းတွေနဲ့ ထုတ်တင်စနစ်နဲ့ လွတ်လွတ်လပ်လပ်ရေးပြီး ထုတ်တဲ့အခါမှာ အရင်တုန်းကတော့ ကျနော်တို့က ထိပါးနိုင်တဲ့ ကိစ္စမျိုးတွေဆိုရင် ကြိုတင်ပြီးတော့ ဖြတ်တောက်ပေးတာကို။ အဲဒီလို ဖြစ်တောက်ပေးတဲ့အဖွဲ့ မရှိတော့ဘူးဆိုရင် ရေးလိုက်တဲ့အချက်တွေက မှားယွင်းနေလို့ ပြင်ဆင်ချင်တဲ့သူတွေ၊ ထောက်ပြကန့်ကွက်ချင်တဲ့သူတွေ ပေါ်လာဦးမှာပဲ။ အဲဒီပေါ်လာတဲ့ သူတွေအနေနဲ့က သက်ဆိုင်ရာ ဂျာနယ်တိုက်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဖြေရှင်းချင်ရင် ဖြေရှင်း ဒါမှမဟုတ် နဂို စာနယ်ဇင်းကောင်စီလို လွတ်လပ်တဲ့ အဖွဲ့အစည်းက တဆင့် ညှိနှိုင်းဖြေရှင်းချင်ရင် ရှင်း၊ မကျေနပ်လို့ တရားရုံးကို တိုင်ရင်သွားရင်သွားပေါ့။ ဒါကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကာယကံရှင်တွေရဲ့ သဘောထား ဖြစ်ပါတယ်။ ကျနော်တို့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန အနေနဲ့ကတော့ ဒီဥပဒေအရ အရင်တုန်းက စာနယ်ဇင်းတွေ ရေးသားတဲ့နေရာမှာ လိုက်နာရမယ့် အချက်တွေတော့ ရှိနေပါသေးတယ်။” စာနယ်ဇင်းတွေ လိုက်နာရမယ့် အချက်တွေနဲ့ ပတ်သက်ပြီးတော့ရော ထူးထူးခြားခြား ပြောင်းလဲနိုင်တာ ရှိသလား။ “ကျနော်ပြောချင်တာက အဲဒီလို လုပ်ထားတဲ့ ကန့်သတ်ချက်တွေ ရှိတယ်။ အဲဒီကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ စာနယ်ဇင်းသမားတွေ ရေးသားချက်က ဖောက်ဖျက်တယ်လို့ တယောက်ယောက်က တိုင်ကြားလာရင် ဖြစ်စေ၊ ဒါမှမဟုတ် ကျနော်တို့က တွေ့ရှိရင် ဖြစ်စေ ရေးသားတဲ့ အတိုင်းအတာအပေါ် မူတည်ပြီး ဘယ်လို ဆက်ပြီး အရေးယူသွားမယ်ဆိုတာမျိုး ဖြစ်လာမှာပါ။ ဒါပေမယ့် သေချာတာတခုက အရင်တုန်းကလိုမျိုး ချက်ချင်း ဆုံးဖြတ်ပြီး ပိတ်ပင်တာမျိုးတော့ ရှိမှာ မဟုတ်တော့ပါဘူး။ အမှားပြင်ဆင်ချက် ထည့်တာမျိုးတွေ၊ တောင်းပန်လွှာ ထည့်ခိုင်းတာ မျိုးတွေ၊ ပြန်လည်ဖြေရှင်းချက်ကို ထည့်ခိုင်းတာမျိုးတွေ စတဲ့ နိုင်ငံတကာမှာ ကျင့်သုံးလေ့ရှိတဲ့ နည်းလမ်းမျိုးတွေကို ဦးစားပေးပြီး လုပ်သွားဖို့တော့ များပါတယ်ဗျ။ သို့သော် တိုက်ရိုက် ဥပဒေနဲ့ ငြိစွန်းတဲ့ ညစ်ညမ်းစာပေလို ဟာမျိုးတွေ၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်တဲ့ တိုက်ရိုက် ငြိစွန်းတဲ့ကိစ္စမျိုးတွေကတော့ သက်ဆိုင်ရာ ရှိတဲ့ ဥပဒေအတိုင်း သွားမှာ ဖြစ်ပါတယ်။” ဒါဆိုရင် ထုတ်ဝေသူတွေနဲ့ ပုံနှိပ်သူတွေရဲ့ အနေအထားက မှတ်ပုံတင်နဲ့ စာပေစိစစ်ရေးဌာနကို စိုးရိမ်စရာက ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းခံရတာမျိုးတွေ၊ အဲလိုစိုးရိမ်စရာတွေအနေအထားက ဆက်ပြီးရှိနေဦးမယ့် အနေအထားလား။ “တော်ရုံကတော့ ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းတာမျိုးတွေ လုပ်ဖို့မရှိပါဘူး။ ဖြစ်တဲ့ ဖြစ်စဉ်အကြောင်းအရာမျိုးပေါ် မူတည်ပြီးတော့မှ အရင်တုန်းကထက် စာရင်တော့ ဒါမျိုး သိပ်ပြီးမရှိနိုင်တော့ဘူး။ ဥပဒေ၊ တရားရုံးဆုံးဖြတ်ချက်တို့၊ သက်ဆိုင်ရာအဖွဲ့အစည်းကပဲ ဖြေရှင်းတာမျိုးပဲ ကျနော်တို့လုပ်ဖို့ ပိုများပါတယ်။” နောက် စာပေစိစစ်ရေးနဲ့မှတ်ပုံတင်ဌာနကနေပြီးတော့ ၁၉၆၂ ပုံနှိပ်ဥပဒေ မဖျက်သိမ်းမချင်းကတော့ ပုံနှိပ်ခွင့်တွေ၊ ထုတ်ဝေခွင့်တွေကတော့ ဒီဌာနကနေပဲ ဆက်ပြီးတော့ ကိုင်တွယ်ဦးမှာပဲလို့ အဲသဘောလို့ ပြောလို့ရပါလား။ “မှန်ပါတယ်။ ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေအရ မှတ်ပုံတင်တဲ့ကိစ္စတွေကို စာပေစိစစ်နဲ့မှတ်ပုံတင်ဌာနကို ၀န်ကြီးက တာဝန် ပေးအပ်ထားပါတယ်။ နောင်ပေါ်လာမယ့် ဥပဒေသစ်ပေါ်မူတည်ပြီးတော့မှ ဒီဌာနရဲ့လုပ်ငန်းတာဝန်တွေ၊ ဖွဲ့စည်းပုံတွေကလည်း လိုက်ပါပြောင်းလဲသွားမှာဖြစ်ပါတယ်။” ပြီးခဲ့တဲ့နှစ်တွေက ပြန်ကြားရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေရှိပါတယ်။ ဒို့တာဝန်အရေးသုံးပါးကို မထိပါးရဘူးဆိုတာမျိုးတွေ၊ နိုင်ငံတော်စီးပွားရေးဆိုင်ရာ မူဝါဒများကို အဖျက်သဘောထိခိုက်ရေးသားခြင်း မပြုရဆိုတာမျိုးတွေ၊ အဲဒီ ညွှန်ကြားချက်တွေကရော ဖျက်သိမ်းသွားပြီလို့ ဆိုနိုင်လား။ “အဲဒီ ညွှန်ကြားချက်တွေကတော့ အခြေခံအားဖြင့် ကျန်နေဦးမယ်လို့ ထင်တယ်ဗျ။ ဒါကတော့ ဦးတင့်ဆွေကို မေးရင်ပိုကောင်းလိမ့်မယ်။ ကျနော်က ညွှန်ကြားလွှာအမှတ်တွေ ရောနေလို့လေ။ ကျနော်ထင်တာကတော့ အဲအချက်တွေ ကျန်နေဦးမယ်။ စာနယ်ဇင်းတွေအနေနဲ့ ရေးသားရာမှာ ဒီအချက်တွေကိုတော့ ထည့်သွင်းစဉ်းစားပြီးမှ ရေးစေချင်တာပေါ့။ ဘာလို့လဲဆိုတော့ ဥပမာ စီးပွားရေးလုပ်ငန်းတခု ရေးလိုက်တယ်။ အဲမှာ အချက်အလက်တွေ မှားသွားရင် စာပေစိစစ်ရေးက ကြားဝင်ဖြေရှင်းပေးမှာမဟုတ်တော့ဘူး။ အရေးခံရတဲ့ အဖွဲ့အစည်းနဲ့ စာနယ်ဇင်းကြားထဲမှာ တိုက်ရိုက်ဖြေရှင်းရမယ့် ကိစ္စဖြစ်သွားပါလိမ့်မယ်။” ဦးရဲထွဋ်ကိုယ်တိုင် စာအုပ်တအုပ်၊ ဆောင်းပါးတွေ ထုတ်ပြီဆိုရင် စာအုပ်ရဲ့ထိပ်ဆုံးမှာ ဒို့တာဝန်အရေးသုံးပါးဆိုတဲ့ စာမျက်နှာကြီး ပါနေဦးမယ်လို့ ယူဆလား။ “ဒါကတော့ မပါတော့ဘူးဗျ။” ပါကိုပါရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းပေါ့။ ဥပမာ ထုတ်ဝေခွင့် လိုင်စင်နံပါတ်ဘယ်လောက်တို့၊ ထုတ်ဝေသူက ဘယ်သူပေါ့ စသည်ဖြင့် ပါကိုပါရမယ့် အချက်အလက်တွေရော အဲလိုအသေးစိတ်ရှိနိုင်လား။ “ဒါတော့ ကျနော်အသေးစိတ်မသိနိုင်ဘူး။ ကိုတင့်ဆွေတို့ဘက်က သတ်မှတ်ထားတာ ရှိမယ်ထင်ပါတယ်။ ထုတ်ဝေသူ နာမည်ပါရမယ်။ ထုတ်ဝေခွင့်လိုင်စင် သူ့နံပါတ်ဘယ်လောက်ရပြီး ထုတ်ဝေခွင့်ရတယ် ဆိုတာမျိုး ပါရမယ်။ ပြီးရင် စာကြည့်တိုက်တွေမှာ စာအုပ်ကတ်တလောက် လုပ်တာကို အထောက်အကူပြုဖြစ်စေဖို့အတွက် ထည့်သွင်းရမယ့်အချက်တွေ ရှိပါတယ်။ ဒါမျိုးတွေကတော့ ရှိမှာပေါ့။ ခုနက မေးတဲ့ ဒို့တာဝန်အရေးသုံးပါးလိုမျိုး၊ နိုင်ငံရေး ဦးတည်ချက်လိုမျိုးတွေကတော့ ထည့်ချင်လည်းထည့်ပေါ့။ မထည့်ချင်လည်း မထည့်နဲ့ပေါ့။ ဒါက ထုတ်ဝေသူရဲ့ သဘောထားပါပဲ။ စာအုပ်ထိန်းသိမ်းမှု ကိစ္စတွေအတွက် အထောက်အကူဖြစ်စေဖို့ မဖြစ်မနေထည့်ရမှာတော့ ပါမှာပေါ့။” စာနယ်ဇင်းဘက်က သတင်းထောက်တွေ၊ အယ်ဒီတာတွေ သတင်းရေးတဲ့အခါမှာ ကိုယ့်တာဝန်ကိုယ် ယူကြတော့မယ်ဆိုရင် စာနယ်ဇင်းလောကမှာ အစိုးရိမ်ရဆုံး တာဝန်ခံမှု၊ တာဝန်ယူမှုက အရေးကြီးဆုံးက ဘာတွေဖြစ်မလဲလို့ ထင်ပါလဲ။ “ဒါတော့ ကျနော်မပြောပါရစေနဲ့။ ကျနော်က စာဖတ်ပရိသတ်ပဲဆိုတော့ စာနယ်ဇင်းဆရာတွေက ရေးသားတာဆိုတော့ သူတို့ပဲ ပိုသိပါလိမ့်မယ်။ ကျနော်တို့ဘက်ကတော့ နိုင်ငံတကာမှာလိုပဲ ကိုယ့်အချင်းချင်းပဲ ကျင့်ဝတ်နဲ့အညီရေးတာမျိုး၊ နောက် စာနယ်ဇင်းလောကသားအချင်းချင်း အပြန်အလှန် ထိန်းကျောင်းပြုပြင်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေကနေတဆင့် ကိုယ့်အချင်းချင်း နှီးနှောတိုင်ပင်ဆောင်ရွက်ခြင်းတွေမျိုး လုပ်ပြီးတော့မှ ဘယ်လိုမျိုးရှောင်ကြမယ်၊ ဆောင်ကြမယ်ဆိုတာမျိုး ပြောရင်တော့ ပိုကောင်းမယ်လို့ထင်ပါတယ်။” နောက် ၁၉၆၂ ခုနှစ် ဥပဒေက ခုထက်ထိ ရှိနေမယ်။ အဲ ဥပဒေထဲမှာ အရေးယူမယ့် ထောင်ဒဏ် ၃ နှစ်၊ ဒဏ်ငွေတို့ စသည်ဖြင့် ပြဋ္ဌာန်းချက်တွေက အခုအချိန်မှာ စာပေစိစစ်ရေးမရှိတော့ဘူးဆိုတဲ့ အချက်နဲ့ ကဏ္ဍကောဇ ဖြစ်နိုင်တဲ့အချက်ကလေးတွေ ကျနော်တို့တွေ့နေပါတယ်။ အဲအချက်လေးတွေနဲ့ ပတ်သက်ပြီးတော့ရော၊ ထောင်ဒဏ်တို့ ငွေဒဏ်တို့နဲ့ ပတ်သက်ပြီးတော့ ထုတ်ဝေသူတွေ၊ အယ်ဒီတာတွေ စိုးရိမ်စရာအခြေအနေမရှိတော့ဘူးလို့ ဘယ်လိုမျိုး အာမခံနိုင်မလဲ။ “ကျနော်တို့ အာမခံနိုင်တာကတော့ ဒီဥပဒေက လက်ရှိတည်ဆဲဥပဒေ ဖြစ်နေတဲ့အတွက် တည်ဆဲဥပဒေပြဋ္ဌာန်းချက်တွေကတော့ ဒီဥပဒေ မဖျက်သိမ်းမချင်း လိုက်နာဆောင်ရွက်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ထုတ်ဝေသူ တယောက်က စာအုပ်တအုပ်ထုတ်ချင်တယ်ဆိုရင် မှတ်ပုံတင်ရမယ် ဆိုရင် သူသည် ပြဋ္ဌာန်းချက်အတိုင်း မှတ်ပုံတင်ဖို့လိုပါတယ်။ အဲလိုမလုပ်ဘူးဆိုရင် ဥပဒေနဲ့အညီ တရားရုံးမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။” မီဒီယာဥပဒေမူကြမ်း နောက်ဆုံးအဆင့် ၇ ဆင့် ရောက်နေတယ်ဆိုတာလည်း ကြားရပါတယ်။ ရှေ့နေချုပ်ရုံးက ပြန်လာတယ်လည်းကြားရပါတယ်။ ဒီမီဒီယာ ဥပဒေက ဘယ်အချိန်ကာလလောက်မှာ အတည်ပြုနိုင်လောက်မယ်လို့ ခန့်မှန်းရလဲ။ “ပြီးခဲ့တဲ့ ၁၈ ရက်နေ့ကလို့ ထင်ပါတယ်။ နိုင်ငံတော်သမ္မတရုံးရဲ့ နောက်ဆုံး ဥပဒေအကြံပေးအဖွဲ့ရဲ့ သုံးသပ်ချက်နဲ့ ကျနော်တို့ဆီကို ပြန်ရောက်လာပါတယ်။ ဒါကို ရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်ပြီးတေ့ ပြန်ဆွဲနေတော့ သတ္တမမူကြမ်းဖြစ်သွားပြီပေါ့။ ရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်ပြီးရင်တော့ သတ္တမမူကြမ်းကို နိုင်ငံတော်သမ္မတရုံးကို ပြန်သွင်းပါမယ်။ နိုင်ငံတော်သမ္မတရုံးက အတည်ပြုပြီးရင်တော့ အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြုမယ်။ ပြီးရင် လွှတ်တော်ကိုတင်သွင်းပြီးရင်တော့ အဲ ဥပဒေမူကြမ်းကို ဘယ်လောက် အချိန်ယူဆွဲမလဲဆိုတာတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ အဆုံးအဖြတ်ပဲ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ သမ္မတရုံးရဲ့ လိုအပ်ချက်ကို ပြည့်မီသည်အထိ ပြန်ပြင်ပြီးပို့ရမယ်။ ပြီးရင် လွှတ်တော်တင်ရမယ်။ ဒါကိုတော့ ကျနော် ပြောလို့ရပါတယ်။” မီဒီယာဥပဒေ လွှတ်တော်က အတည်ပြုပြီးတော့မှပဲ ၁၉၆၂ ဥပဒေဆိုတာက လုံးဝဖျက်သိမ်းသွားမယ်လို့ပဲ နောက်ဆုံးနိဂုံးချုပ်ရမှာပေါ့။ “မှန်ပါတယ်။ မီဒီယာဥပဒေ အတည်ပြုပြီး တချိန်တည်းမှာပဲ ၁၉၆၂ ဥပဒေကို ဖျက်သိမ်းမယ်ဆိုတဲ့သဘောမျိုး ဖြစ်လာမှာပေါ့။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024