လှည်းကူးမြို့နယ်တွင် စက်လှေမှောက်ပြီး လူ ၃ ဦး ရေနစ်သေဆုံး

4K
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သက်ကယ်မြှောင် တောစခန်းအနီး ပေါင်းလင်းဆည်ထဲမှာ အောက်တိုဘာ ၂၈ ရက်က စက်လှေတစီး တိမ်းမှောက်ပြီး လူ ၃ ဦး ရေနစ် သေဆုံးခဲ့ပါတယ်။
အုန္နဲပင်ကျေးရွာကနေ သက်ကယ်မြှောင်တောစခန်းကို မောင်းနှင်သွားတဲ့ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၉ ဦးလိုက်ပါလာတဲ့ စက်လှေတစီးဟာ ဝမ်းဗိုက်ကနေ ရေစိမ့်ဝင်ရာကနေ နစ်မြုပ်ခဲ့လို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဖောင်ကြီး ရဲစခန်းက သိရပါတယ်။
ရေနစ်သေဆုံးသွားတဲ့ မအေးအေးလှိုင်အပါအ၀င် ၃ ဦးရဲ့ အလောင်းတွေကို ဖောင်ကြီး တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။
အဆိုပါ စက်လှေနစ်မြုပ်မှုနဲ့ ပတ်သက်လို့ ဖောင်ကြီးနယ်မြေရဲစခန်းက စက်လှေမောင်းသမား အောင်တင်ဝင်းကို ပေါ့လျော့မှုကြောင့် လူသေမှု၊ မဆင်မခြင်မောင်းနှင်မှုတွေနဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။