DVB Logo
Home
မြန်မာသတင်း
လူငယ်တဦးကို စစ်တပ်တွင်း အတင်းသွတ်သွင်း
DVB
·
August 24, 2012
Donate to DVB

ရန်ကုန်တိုင်း ပုဇွန်တောင်ဘူတာမှာ လူငယ်တဦးကို ရဲနဲ့ စစ်သားလို့ မိတ်ဆက်ပြောဆို ရိုက်နှက်ပြီး  စစ်ထဲ အတင်းဝင်ခိုင်းခဲ့တယ်လို့ ကာယကံရှင် ကိုဝင့်သူက ပြောပါတယ်။

၂၄ နှစ်အရွယ် ကိုဝင့်သူဟာ အမျိုးသမီးမိတ်ဆွေတဦးနဲ့အတူ သြဂုတ် ၂၀ ရက်နေ့ မနက်အရုဏ်မတက်ခင် ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်က ဘူတာမှာ ရထားစောင့်တုန်း စစ်တပ်ထဲအတင်းသွင်းမယ့်သူ ၂ ဦးနဲ့ ကြုံခဲ့ရတာလို့ ပြောပြပါတယ်။

သန်လျင်မြို့ကိုသွားဖို့ ရထားစောင့်နေတဲ့ သူတို့နှစ်ဦးကို ရဲလို့မိတ်ဆက်သူနဲ့ စစ်သားဆိုသူက လာဖမ်းပြီး စစ်တပ်ထဲကို ၀င်ဖို့နဲ့ အတင်းအကျပ်ကိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးကို ပြန်ခိုင်းပြီး သူ့ကို ကျပ်ငွေ ၄ သောင်းပေးရင် ပြန်လွှတ်ပေးမယ်လို့ ပြောဆိုပုံ၊ မောင်ဝင့်သူက ကုမ္ပဏီမှာ ညစောင့်လုပ်တာဖြစ်လို့ အဲသလောက်လစာကို မပေးနိုင်ဘူးလို့ ပြန်ပြောရာက မီးရထားလမ်းတလျှောက် ဆွဲခေါ်ပြီး ထိုးကြိတ်ခဲ့တယ်လို့ ဆိုပါတယ်။

တနေရာအရောက်မှာတော့ အ၀တ်အစားတွေချွတ်ခိုင်းပြီး စစ်တပ်တွင်းကို မ၀င်ဘူးပြောရင် ကြိတ်သေခိုင်းမယ်လို့ ခြိမ်းခြောက်တာကြောင့် ကြောက်လို့ ၀င်ပါ့မယ်ဆိုပြီး အဖြေပေးခဲ့ရသလို လက်ခံသူက မေးရင် ကိုယ့်သဘောနဲ့ ကိုယ်ဝင်ပါတယ်ဆိုတာ သရုပ်ဆောင်ပြခိုင်းတယ်လို့ ကိုဝင့်သူက ပြန်ရှင်းပြပါတယ်။

“နှိပ်စက်ပြီး ရထားလာခါနီး အင်္ကျီ၊ ဘောင်းဘီ ချွတ်ခိုင်းတယ်။ နောက် ရထားသံလမ်းပေါ်လည်း ၀မ်းလျားမှောက်ခိုင်းထားတယ်။ ရထားကလည်းလာနေပြီ။ ပြီးတော့ သူတို့က မင်းစစ်ထဲမ၀င်ချင်ရင် မင်းကို ဒီအချိန်မှာ ငါတို့သတ်လိုက်လည်း ရတယ်။ မိုးမလင်းသေးဘူးတဲ့။ ဒီအချိန်မှာ သတ်လိုက်လည်း ဘာမှမဖြစ်ဘူးတဲ့။ မင်းသေတော့ဆိုပြီး တုတ်နဲ့မိုးထားပြီး ၀မ်းလျားမှောက်ခိုင်းထားတယ်။ ကျနော်လည်း သိပါတယ် လမ်းမှာလည်း တောက်လျှောက်နှိပ်စက်လာတာဆိုတော့ စစ်ထဲဝင်ပါမယ်လို့ မပြောမချင်း ကျနော့်ကို နှိပ်စက်တော့မယ်ဆိုတာ၊ အဲဒါနဲ့ ကျနော်လည်း စစ်ထဲဝင်ပါမယ်လို့ ပြောလိုက်တယ်၊ အဲတော့မှပဲ ရထားသံလမ်းပေါ်က ထခိုင်းတယ်။”

အဲဒီနောက် ဆက်သွယ်ရေးဗိုလ်ကြီးဆိုသူအိမ်ကို ရောက်ခဲ့တဲ့အကြောင်းနဲ့ အဲဒီဗိုလ်ကြီးက စစ်ထဲဝင်မှာလားလို့ သူလူတွေကို မေးပြီး အခြေခံကျန်းမာရေး စစ်ဆေးရာက မသင်္ကာဖြစ်ပြီး အခန်း တခုတွင်း ခေါ်မေးတော့မှ သူ့ကိုရိုက်နှက်ခေါ်လာတာလို့ ပြောခွင့်ရကြောင်း၊ ဆက်သွယ်ရေးဗိုလ်ကြီးက အပြန်စရိတ်ငွေ ၅၀၀ ပေးပြီး ပြန်ခိုင်းသလို သူ့ကိုရိုက်နှက်ခေါ်ဆောင်လာတဲ့ သူ့လူတွေကိုလည်း ဆူပူတယ်လို့ ပြောပါတယ်။ အဲဒီဗိုလ်ကြီးဆိုသူရဲ့ အိမ်ကို မှတ်မိတယ်လို့ ကိုဝင့်သူက ပြောပါတယ်။

အဲဒီနေ့က သူဟာ နေ့ခင်းမှာ မင်္ဂလာတောင်ညွန့်က အလုပ်ကို အပြန်မှာ အဲဒီရပ်ကွက်ထဲမှာ သူကို ထိုးကြိတ် ခေါ်ဆောင်သူ နှစ်ဦးကို ပြန်တွေ့တာကြောင့်  သူရဲ့လုံခြုံရေးအတွက် ပူပန်လို့ အိုင်အယ်လ်အို ဆက်ဆံရေးရုံးမှာ အကူအညီတောင်းခံခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မောင်ဝင့်သူက ဒီလူတွေကို အရေးယူစေချင်တယ်လို့ ပြောပါတယ်။

“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင် ခံစားလာခဲ့ရတာ။ ဒီကိစ္စတွေကို ဒီလိုရှိနေတယ်ဆိုတာကို သက်ဆိုင်ရာတွေအနေနဲ့ သိစေချင်ပါတယ်။ သိရင်လည်း သိသလိုပဲ မနေဘဲနဲ့ တာဝန်ရှိသလို လုပ်ပေးစေချင်ပါတယ်။ ကျနော်တို့က ကိုယ့်နိုင်ငံ ကိုယ်တိုင်းပြည်မှာ ကိုယ့်ရေမြေမှာနေပြီးတော့ ဒီလိုမျိုး ရဲတို့၊ စစ်သားတို့က အပြစ်မဲ့ ပြည်သူတွေကို အဓမ္မနှိပ်စက်တာတော့ တော်တော်လေး ရင်ထဲ မခံချိမခံသာပေါ့။ တော်တော်လေးကြေကွဲခဲ့ရပါတယ်။ အခုထိ ရင်ထဲမှာလေးနေတုန်းပဲ။ ကျနော်လည်း နေရတာ မလုံခြုံဘူး။ သူတို့တွေ ကျနော်တို့ ပတ်ဝန်းကျင်ဘေးနားမှာ ရှိနေတာ မလုံခြုံဘူး။ ထပ်ပြီးလည်း သူတို့နဲ့ မပတ်သက်ချင် ဘူး။ နောက်ပြီး ကျနော့်လို လူငယ်တွေကိုလည်း အဲလိုအဖြစ်ဆိုးမျိုးမကြုံစေချင်ပါဘူး။”

မြန်မာ့တပ်မတော်မှာ စစ်သားအဖြစ် တာဝန်ထမ်းဖို့အတွက် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို မစုဆောင်းဖို့ တားမြစ်သလို ဆန္ဒသဘောမပါဘဲ အတင်းအကျပ်စုဆောင်းခွင့် မရှိဘူးလို့လည်း တားမြစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013