Home
ဆောင်းပါး
ဂေါက်ရောဂါအတွက် ဆောင်ရန် ရှောင်ရန် ၁၅ ချက်
DVB
·
October 29, 2018
သွေးအတွင်း ယူရစ်အက်ဆစ်ပါဝင်မှု မြင့်မားခြင်းက ဂေါက်ရောဂါကို ဖြစ်စေပါတယ်။ ဂေါက်ရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ဖို့ ကောင်းမွန်တဲ့ စားသောက်မှုပုံစံတခုကို ထိန်းသိမ်းကာ သင့်တော်တဲ့ ဆေးဝါးတွေကို မှီဝဲဖို့ လိုအပ်ပါတယ်။ သွေးအတွင်းမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို လျော့ချဖို့ အယ်လ်ကိုဟောနဲ့ သကြားဓာတ်ပါဝင်တဲ့ အစားအစာတွေ စားသုံးခြင်းကို ကန့်သတ်ကာ purine ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အသား၊ မွေးမြူရေးအသားနဲ့ ပင်လယ်စာ စတဲ့ အစားအစာတွေကို လျော့ချဖို့ လိုအပ်ပါတယ်။ ဒီအစားအစာတွေကို စားသုံးခြင်းက သွေးအတွင်း ယူရစ်အက်ဆစ် ပါဝင်မှုကို မြင့်တက်စေပြီး ဒီလိုမြင့်တက်လာခြင်းက အရိုးအဆစ် ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတွေကို ဖြစ်ပွားစေပါတယ်။ ဂေါက်ရောဂါဖြစ်ပွားမှုကို ရှောင်ရှားနိုင်ဖို့အတွက် အောက်ပါအချက် ၁၅ ချက်ကို မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ၁။ ရေများများသောက်ပါ ရေက ခန္ဓာကိုယ်ထဲရှိ ပိုလျှံနေတဲ့ ယူရစ်အက်ဆစ်တွေ အပါအဝင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါ့ကြောင့် တနေ့ကို အနည်းဆုံး ရေ ၁၀ ခွက်မှ ၁၂ ခွက်အထိ သောက်သုံးသင့်ပါတယ်။ ၂။ ချယ်ရီသီးများများစားပါ ချယ်ရီသီးတွေမှာ ရောင်ရမ်းခြင်းကို တိုက်ဖျက်ပေးတဲ့ Anthocyanis လို့ခေါ်တဲ့ အရာတွေ ပါဝင်ပြီး Anthocyanis က ယူရစ်အက်ဆစ်ပမာဏကို လျော့ချပေးဖို့ အထောက်အကူ ဖြစ်စေပါတယ်။ Anthocyanis က ယူရစ်အက်ဆစ်တွေ အစိုင်အခဲဖြစ်ခြင်းနဲ့ အဆစ်တွေဆီ ပျံ့နှံ့ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ချယ်ရီးသီးတွေဟာ အက်ဆစ်ဓာတ်ကို ဓာတ်ပြယ်စေပြီး ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းတွေကိုလည်း တားဆီးပေးပါတယ်။ တနေ့ကို ချယ်ရီသီး ၂၀၀ ဂရမ် စားသုံးပေးခြင်းက ခန္ဓာကိုယ်တွင်းက ယူရစ်အက်ဆစ်ပမာဏကို လျော့ချပေးဖို့ အထိရောက်ဆုံး ပမာဏလည်း ဖြစ်ပါတယ်။ ၃။ ဘယ်ရီသီးစားပေးပါ ဘယ်ရီမျိုးနွယ်ဝင်တွေဖြစ်တဲ့ စတော်ဘယ်ရီသီးနဲ့ ဘလူးဘယ်ရီသီးတွေဟာ ရောင်ရမ်းခြင်းကို ချေဖျက်နိုင်တဲ့ အကျိုးသတ္တိတွေ ရှိတာကြောင့် ဂေါက်ရောဂါကို ကာကွယ်ဖို့ဆိုရင် မဖြစ်မနေ စားပေးဖို့ လိုအပ်ပါတယ်။ ၄။ ပန်းသီးစားပါ ပန်းသီးမှာပါဝင်တဲ့ Malic အက်ဆစ်ဟာ ယူရစ်အက်ဆစ်ကို ဓာတ်ပြယ်စေပြီး နာကျင်ကိုက်ခဲမှုတွေ ကင်းဝေးအောင်လည်း စွမ်းဆောင်နိုင်ပါတယ်။ ဒါ့ကြောင့် အစာစားပြီးတိုင်း ပန်းသီးတလုံး စားပေးခြင်းက ဂေါက်ရောဂါအတွက် များစွာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ၅။ သံပရာသီးက အချဉ်ဓာတ်ကို စားသုံးပေးပါ သံပရာသီးမှာပါဝင်တဲ့ Citric အက်ဆစ်ကလည်း ယူရစ်အက်ဆစ်ကို ဓာတ်ပြယ်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဂေါက်ရောဂါရှင်တွေအနေနဲ့ သံပရာသီး စားသုံးပေးခြင်းဖြင့်လည်း ရောဂါကို လျော့ပါးစေမှာ ဖြစ်ပါတယ်။ ၆။ ပဲတောင့်ရှည် (French Bean) ဖျော်ရည်သောက်ပါ ဂေါက်ရောဂါကို တိုက်ဖျက်နိုင်တဲ့ နောက်ထပ် အိမ်တွင်းဖြစ် ဆေးဝါးတလက်ကတော့ ပဲတောင့်ရှည်ဖျော်ရည်ပဲ ဖြစ်ပါတယ်။ ဒီအရည်ကို တနေ့နှစ်ကြိမ် သောက်ပေးခြင်းဖြင့်လည်း ဂေါက်ရောဂါနဲ့ ယူရစ်အက်ဆစ်ပမာဏ များပြားခြင်းကို ကုသရာမှာ အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ ၇။ တရုတ်နံနံစေ့ကို မှီဝဲပေးပါ ဒါကလည်း လွယ်ကူတဲ့ အိမ်တွင်းဖြစ် ဆေးဝါးတလက်ပဲ ဖြစ်ပါတယ်။ တရုတ်နံနံစေ့ကို ပုံမှန်စားသုံးခြင်းနဲ့ ဂေါက်ရောဂါကို အလွယ်တကူ ကုသနိုင်ပါတယ်။ ၈။ Apple cider vinegar Apple cider vinegar လက်ဖက်ရည်ဇွန်းသုံးဇွန်းကို ရှစ်အောင်စရှိတဲ့ ရေပမာဏနဲ့ ရောစပ်ကာ တနေ့ကို နှစ်ကြိမ်မှ သုံးကြိမ် သောက်ပေးခြင်းကလည်း ဂေါက်ရောဂါ ကုသရေးအတွက် အထောက်အကူ ဖြစ်စေမှာပါ။ ၉။ ပင်တို ပဲအုပ်စုဝင်များနဲ့ နေကြာစေ့များကို စားသုံးပေးပါ Folic အက်ဆစ်ကြွယ်ဝတဲ့ ပင်တိုပဲအုပ်စုဝင်များက ယူရစ်အက်ဆစ်ပမာဏကို သဘာဝအတိုင်း လျော့ချပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်သာ ဂေါက်ရောဂါကို ကြိုတင်ကာကွယ်ချင်တယ်ဆိုရင် ပဲအမျိုးမျိုးနဲ့ နေကြာစေ့တို့ကို ပုံမှန်စားသုံးပေးဖို့ အကြံပြုချင်ပါတယ်။ ၁၀။ အသီးအရွက်ဖျော်ရည်များ သောက်ပေးပါ မုန်လာဥနီနဲ့ သခွာသီးဖျော်ရည်တို့ဟာလည်း ယူရစ်အက်ဆစ်ကို လျော့ချပေးနိုင်တဲ့ အစားအစာတွေမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် သခွားသီးဖျော်ရည် ၁၀၀ မီလီလီတာနဲ့ မုန်လာဥနီဖျော်ရည် ၃၀၀ မီလီလီတာတို့ကို နေ့စဉ်သောက်သုံးပေးခြင်းနဲ့ ဂေါက်ရောဂါကို ကာကွယ်နိုင်ပါတယ်။ ၁၁။ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာများကို စားသုံးပေးပါ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးခြင်းဖြင့်လည်း ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို လျော့ချနိုင်ပါတယ်။ ဗီတာမင်စီဓာတ်က ယူရစ်အက်ဆစ်တွေကို ချေဖျက်ပေးပြီး ဆီးနဲ့အတူ ခန္ဓာကိုယ်အပြင်ဘက်သို့ ဖယ်ရှားပေးမှာပဲ ဖြစ်ပါတယ်။ ၁၂။ အမျှင်ဓာတ်ကြွယ်ဝစွာပါတဲ့ အစားအစာများကို စားသုံးပေးပါ မာရီလန်း ဆေးဘက်စင်တာရဲ့ ထုတ်ပြန်ချက်အရ အမျှင်ဓာတ် ပေါများစွာပါဝင်တဲ့ အစားအစာတွေက သွေးအတွင်းက ယူရစ်အက်ဆစ်တွေကို ချေဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။ အမျှင်ဓာတ်ဟာ သွေးအတွင်းမှာရှိတဲ့ ယူရစ်အက်ဆစ်ဓာတ်ကို ဆုပ်ယူပြီး အဲဒီဓာတ်ကို ကျောက်ကပ်တွေကနေတဆင့် ချေဖျက်ပေးဖို့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ၁၃။ ဂရင်းတီး (Green Tea) သောက်ပါ ဂရင်းတီးကို နေ့စဉ် သောက်သုံးပေးခြင်းက ယူရစ်အက်ဆစ်ပမာဏ မြင့်တက်ခြင်းကို ထိန်းချုပ်ပေးပြီး ဂေါက်ရောဂါ ဖြစ်ပွားနိုင်မှုကိုလည်း လျော့ချပေးပါတယ်။ ၁၄။ အယ်ကာလိုင်း (Alkaline) ပါဝင်တဲ့ ဂျုံ၊ စပါး စသည်တို့ကို စားသုံးပေးပါ အယ်ကာလိုင်းများစွာပါဝင်တဲ့ ဂျုံ၊ စပါး စသည်တို့ကို စားသုံးခြင်းကလည်း ဂေါက်ရောဂါ ကာကွယ်ရေးမှာ အဓိကနေရာက ပါဝင်နေပါတယ်။ ၁၅။ ဟင်းသီးဟင်းရွက် များများစားပေးပါ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဟင်းသီးဟင်းရွက် စားသုံးခြင်းပဲ ဖြစ်ပါတယ်။ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတို့ဟာ သင် နေ့စဉ်စားသုံးသင့်တဲ့ ဟင်းသီးဟင်းရွက်တွေထဲက တချို့ပဲဖြစ်ပါတယ်။ ခရမ်းချဉ်သီးဟာ ယူရစ်အက်ဆစ်ကို လျော့ချပေးဖို့ အကောင်းဆုံးသော ဟင်းသီးဟင်းရွက်တမျိုးဖြစ်ပြီး အာလူးနဲ့ ပြောင်းဖူးတို့လို ဟင်းသီးဟင်းရွက်တွေကလည်း ဂေါက်ရောဂါရှင်တွေ လက်မလွှတ်သင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ (https://www.lybrate.com/ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် 15 Do's And Don'ts About Diet For High Uric Acid Levels! ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြပါသည်။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024