DVB Logo
Home
မြန်မာသတင်း
အသိမ်းခံရသည့် ဦးအောင်သိန်း ပတ်စပို့ ပြန်ထုတ်ပေးရန် တောင်းဆို
DVB
·
August 23, 2012
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြု အဖွဲ့ဝင်နဲ့ ဥပဒေရေးရာ အတိုင်ပင်ခံ  ဦးအောင်သိန်းရဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ အစိုးရက သိမ်းယူထားတာကို  ပြန်ထုတ်ပေးဖို့ အာရှလူ့အခွင့်အရေးကော်မရှင်က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့လက ဟောင်ကောင်မှာ ကျင်းပတဲ့ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးဆိုင်ရာ အာရှအစည်းအဝေးပွဲတခုမှာ ပါဝင်တက်ရောက်ပြီး အပြန် ဇူလိုင် ၂၇ ရက်နေ့က ရန်ကုန်လေဆိပ်မှာ အာဏာပိုင်တွေက ဦးအောင်သိန်းရဲ့ ပတ်စ်ပို့ကို သိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_29689" align="alignleft" width="300" caption="ဦးအောင်သိန်း"][/caption]

ဒါ့ကြောင့် ဦးအောင်သိန်းရဲ့ ပတ်စ်ပို့ကို အမြန်ဆုံး ပြန်ထုတ်ပေးဖို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် (AHRC)က ပြည်ထဲရေး ၀န်ကြီးထံ  ဩဂုတ် ၂၃ ရက်က စာရေး တောင်းဆိုလိုက်တာပါ။

ဦးအောင်သိန်းဟာ ပြီးခဲ့တဲ့လဆန်းက ဟောင်ကောင်ခရီးစဉ် မသွားခင် ထိုင်းနိုင်ငံကို ကျန်းမာရေးအတွက် ဆေးကုသမှုခံယူဖို့ သွားခဲ့ဖူးပြီး အဲဒီခရီးစဉ်မှာ ပတ်စ်ပို့ အသိမ်းမခံရဘဲ နောက်တခေါက် ဟောင်ကောင်ကိုသွားပြီး အပြန်ကျမှ အသိမ်းခံရတာလို့  ဦးအောင်သိန်းက ပြောပါတယ်။

“ပြန်လာတော့ ပတ်စပို့ကို သိမ်းတယ်။ ဘာလို့ သိမ်းလဲဆိုတော့ ကျနော့်ပတ်စပို့မှာ ထုတ်ပေးခဲ့စဉ်တုန်းက observation ဆိုပြီး စည်းတုံးရိုက်ထားတယ်။ အဲဒါက သွားပြီး အပြန်သိမ်းရမယ်ဆိုတဲ့ သဘောရှိတယ်တဲ့။ နောက် ဒါဝန်ထမ်းဘာညာ ထုတ်ပေးတဲ့ ပတ်စပို့အမျိုးအစား ဖြစ်တယ်။ ဒါပေမယ့် ကျနော်ဝန်ထမ်းမဟုတ်ဘူး။ ကျနော်အငြိမ်းစား တယောက်ပဲ။ ကျနော် medical ground အရ ဆေးသွားစစ်ဆေးတာပဲ။ အဲတော့ မရဘူးတဲ့ observation တုံးထုရင် သိမ်းယူရမှာတဲ့။ ပတ်စပို့ဌာနမှာ သွားလျှောက်ကြည့်ပါတဲ့။ ဒီလ ၃ ရက်နေ့ သွားလျှောက်တော့ ကျနော့်ကို ၁၃ ရက်နေ့ ပြန်ချိန်းတယ်။ နောက် နေပြည်တော်ကနေပြီးတော့တဲ့ observation တုံးကို မဖျက်ပေးနိုင်ဘူးတဲ့။ ကျနော့်ကို ပတ်စပို့လည်း လောလောဆယ် လက်ဝယ် ကိုင်ဆောင်ခွင့် မပေးနိုင်ဘူးလို့ အကြောင်းပြန်ကြားတယ်။”

အာရှလူ့အခွင့်အရေးကော်မရှင်က အမှုဆောင်ဒါရိုက်တာ ဝေါင်ခိုင်ရှင်းက အခုလို ဦးအောင်သိန်းရဲ့ ပတ်စ်ပို့ သိမ်းခံရတာဟာ ဟောင်ကောင်မှာ အစည်းအဝေးလာ တက်ရောက်တာရဲ့ အကျိုးဆက်အဖြစ် ယူဆတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရက ဒီမိုကရေစီစနစ်ကို အလေးထားလုပ်ဆောင်နေပြီး လူထုအခြေပြု အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေချိန်မှာ အခုလို ဆောင်ရွက်လိုက်တာကို အလွန်အမင်းစိတ်ပျက်မိတဲ့အကြောင်း၊  ဦးအောင်သိန်းရဲ့ ပတ်စပို့ကို နှောင့်နှေးခြင်းမရှိပဲ အမြန်ဆုံးပြန်ပေးဖို့ တောင်းဆိုတယ်လို့ ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

အခုလို ပတ်စ်ပို့ အသိမ်းခံထားရတာဟာ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးရကြောင်းနဲ့ ဒီလထဲမှာ ထိုင်းနိုင်ငံကို ထပ်မံသွားရောက်ပြီး ကျန်းမာရေးအတွက် ဆေးကုသမှုခံယူဖို့ ရှိပေမယ့် ပတ်စ်ပို့ မရှိတဲ့အတွက် သွားရောက်နိုင်ခြင်းမရှိတော့ဘူးလို့ ဦးအောင်သိန်းက ပြောပါတယ်။

“သူများနည်းတူ ကျနော့်ကို လက်ဝယ်ကိုင်ဆောင်ခွင့်ပေးထားရမှာပေါ့။ ကျနော် ဆေးသွားကုတဲ့အခါကျတော့ ကျနော့်ကို ၁၇ ရက်နေ့ ချိန်းထားတာ ကျနော်မသွားနိုင်တော့ဘူး။ ကျနော်ပြောချင်တာ သူတို့အစိုးရအရာရှိ ပုဂ္ဂိုလ်တွေတောင် ဘန်ကောက်တို့ဘာတို့သွားပြီး အရင်က တချိန်က ရန်သူလို သဲကြီးမဲကြီး ပြောခဲ့တဲ့သူတွေနဲ့တောင် ဖိတ်ခေါ်စကားပြောပြီး ပြန်လာဖို့ ဖိတ်တာတို့ ဘာတို့ရှိတာပဲလေ။ ကျနော်လည်း နိုင်ငံသားတယောက်ပဲလေ။ တရားဝင်ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေ seminar တခု ကျနော်သွားတက်တာ ဘာအပြစ်ရှိလဲဗျာ။ သူနဲ့သက်ဆိုင်ရာ စကား၊ အပြောအဆို အသုံးအနှုန်းလေးတွေတော့ ရှိတာပေါ့။ ဥပဒေရဲ့ရှုထောင့်အမြင်တွေရှိတာပေါ့။ ကျနော်ပြောစရာရှိတာတော့ ပြောရမှာပေါ့။ အဲလို ပြောလို့သာ လိုက်သိမ်းမယ်ဆိုရင် ကောက်သင်းကောက်သလို လိုက်ကောက်နေမယ်ဆိုရင် ဘယ်ဆုံးမလဲ။ ကျနော်တို့တွေကတော့ ဘယ်ပဲရောက်ရောက် အမှန်အတိုင်း ကိုယ်တွေ့ရှိချက်၊ ပြောစရာရှိတာကိုတော့ အမှန်အတိုင်း ကိုယ်တွေ့ရှိချက်ကို ပြောရမှာပဲ။ ကိုယ့်တာဝန်ပဲ။ အဲလိုပြောလို့ ဒါမျိုးပိတ်ပင်တယ်ဆိုရင် ဘယ်လိုလုပ် တရားမျှတမှုရှိမလဲ။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ ဒါတွေက စတာပဲလေ။”
ဦးအောင်သိန်းဟာ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အတွက် ရှေ့နေလိုက်ပေးခဲ့သူဖြစ်ပြီး ရှေ့နေလိုက်ခွင့် လိုင်စင်လည်း ခုချိန်ထိ ပိတ်သိမ်းခံထားရသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013