ပျောက်ဆုံး ရွှေစေတီနှင့်ဆင်စွယ်ပန်းပုရုပ်တုကိစ္စ စုံစမ်းစစ်ဆေးမည်
DVB
·
October 28, 2018
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ကျောင်းတော်ရာဘုရားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပျောက်ဆုံးခဲ့တဲ့ ရွှေစေတီနဲ့ ဆင်စွယ်ပန်းပုရုပ်တုတွေနဲ့ ပတ်သက်လို့ စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က ပျောက်ဆုံးခဲ့တဲ့ ကျောင်းတော်ရာဘုရား ဌာပနာ ရွှေစေတီနဲ့ နှစ် ၅၀ လောက်က ပျောက်ဆုံးခဲ့တဲ့ ဆင်စွယ် ပန်းပုရုပ်တုကိစ္စနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ရုံးမှာ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက "အင်မတန် တန်ဖိုးရှိပြီး ရွှေစင် နှစ်ပိဿာ လောက်ရှိတဲ့ ဘုရားကြီး ဌာပနာထဲက ရရှိခဲ့ပြီး ပျောက်ဆုံးနေတာပါ။ ရှေးဟောင်းပြတိုက်ထဲမှာ ငယ်ငယ်က တွေ့ဖူးတဲ့ ဆင်စွယ်ပန်ပုရုပ် ဘယ်ရောက်လို့ရောက်မှန်း မသိဘူး။၁ ၉၉၆ ခုနှစ်က ထောက်လှမ်းရေးက လာရောက်စစ်ဆေးပြီး ရွှေစေတီဟုတ်တယ်၊ ပါကစ္စတန် နိုင်ငံရောက်သွားပြီ၊ ရန်ကုန်ပြန်ရောက်နေပြီလို့ပြောတယ်။ မကွေးတိုင်းရဲ့ အထင်ကရ ဘုရားတစ်ဆူဖြစ်တဲ့ ကျောင်းတော်ရာဘုရားကိစ္စကို ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးနဲ့၊ သာသနာရေးဝန်ကြီးထံ စာတင်ဖို့လိုအပ်တယ်။ ဆင်စွယ်ကိစ္စက နှစ်ပေါင်း ငါးဆယ်ခန့်သာရှိပြီး ရွှေစင်ဘုရားက နှစ် ၇၀ လောက်ရှိမယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
ပွင့်ဖြူမြို့ ညောင်ခြုံ အလယ်ကုန်းရွာ ကျောင်ထိုင်ဆရာတော် ဦးနန္ဒနက "တကယ်တော့ ကျောင်းတော်ရာဘုရား ဌာပနာ ပစ္စည်း ပျောက်တယ်ဆိုတာ အမှန်ပါ။ ဆေးဝင်္ကဘာ ဆရာတော်ရှိစဉ်က ဌာပနာ ထွက်လာတဲ့ပစ္စည်းကို ပြန်မထည့်ရဘူးဆိုလို့ ပစ္စည်းပေါင်း ၁၂၄ ခု မြန်မာသက္ကရာဇ် ၁၃၂၀ ခုမှာ ပျောက်ခဲ့တာပါ။ ဆင်စွယ်ရယ်၊ ငွေပြဿဒ် တခုရယ် ပျောက်သွားတယ်။ နောက်ပိုင်းမှာ ဂေါပကတွေက စာရင်းဖျောက်ပစ်တယ်လို့ ကြားတယ်" လို့ ဆိုပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ မကွေးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ စစ်ဆေးပြီး ပြည်ထောင်စုအစိုးရကို တင်ပြသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ဇာတိမြေ ပွင့်ဖြူမြို့နယ်ရှိ ကျောင်းတော်ရာဘုရားဟာ တန်ခိုးကြီးဘုရားတဆူဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲကို ဌာနဆိုင်ရာ အကြီးကဲတွေနဲ့ မကွေးတိုင်းအတွင်း သတင်းထောက်တွေ တက်ရောက်သတင်းယူခဲ့တယ်လို့ သိရပါတယ်။
သတင်း-မင်းထီး