DVB Logo
Home
မြန်မာသတင်း
ရေကြီးရေလျှံဒေသအချို့ ရေကျသွားသဖြင့် ကျောင်းများ ပြန်ဖွင့်
DVB
·
August 23, 2012
ရေကြီးရေလျှံဒေသအချို့ ရေကျသွားသဖြင့် ကျောင်းများ ပြန်ဖွင့်
Donate to DVB

မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့ ဧရာဝတီနဲ့ ပဲခူးတိုင်းက နေရာတချို့ ရေကျသွားတဲ့အတွက် ကျောင်းတွေ ပြန်ဖွင့်နေပေမယ့် အများစုကတော့ ပိတ်ထားရဆဲဖြစ်ပါတယ်။

ရေကြီးတာ ၁ လနီးပါး ရှိပြီဖြစ်တဲ့ ပဲခူးတိုင်း  မဒေါက်မြို့မှာ ရေကျသွားတဲ့ အတွက် ဒီနေ့ကျောင်းတွေ ပြန်ဖွင့်ပြီဖြစ်သလို မြို့ပေါ်ရေဘေးဒုက္ခသည်တွေကိုလည်း အိမ်ပြန်လွှတ်လိုက်ပြီလို့ မဒေါက်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေး အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောပါတယ်။

[caption id="attachment_29685" align="alignleft" width="300" caption="ရေဘေးဒုက္ခသည်စခန်းတခုမှ ကလေးငယ်အချို့"][/caption]

ဒါပေမယ့် ရွာတွေမှာတော့ ရေမကျသေးဘဲ အခက်အခဲ ဖြစ်နေဆဲပဲလို့ ပြောပါ တယ်။

“၃ ပုံ ၁ ပုံလောက်ပဲ ကျသေးတယ်။ ဘာမှ လုပ်ကိုင်စားသောက်လို့ မရသေးဘူး။ ဒီလိုပဲ ချို့ချို့တဲ့တဲ့ စားသောက်နေရတာပေါ့။ အနည်းဆုံး ၁၄၊ ၁၅ ရွာရှိတာပေါ့။ ဒါတောင် ရေပြန်ကျသွားလို့၊ အရင်ကဆို ရွာ ၂၀၊ ၂၅ လောက်ရှိမှာပေါ့။ အခု ၁၄၊ ၁၅ ရွာကတော့ ဖွင့်လို့မရသေးဘူး။ မြို့ပေါ်က ရွာတွေတော့ ဒီနေ့စဖွင့်တယ်။ အငယ်တန်းတွေကအစပေါ့။”

အလားတူ ပဲခူးတိုင်း သနပ္ပင်နဲ့ က၀ မြို့နယ်တွေက နေရာတချို့ ရေအနည်းငယ်ကျသွားလို့ အထက်တန်းကျောင်းတချို့ ပြန်ဖွင့်ပြီဖြစ်ပေမယ့် အများစုကတော့ ကျောင်းတွေ မဖွင့်နိုင်သလို ရေဘေးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးကယ်ဆယ်ရေး အဖွဲ့တွေကပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း ရေကျသွားပြီဖြစ်တဲ့အတွက် မြို့ပေါ်ကျောင်းအားလုံး မနေ့က ပြန်ဖွင့်လှစ်လိုက်ပြီလို့ ပုသိမ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးအောင်တင်ဦးက ပြောပါတယ်။

“ရေကကျသွားတော့ ကျောင်းတွေ မနေ့ကစပြန်ဖွင့်တယ်။ အထက ကျောင်းတွေ အကုန်လုံးပေါ့။ အလယ်တန်းကျောင်းတွေက တချို့နေရာတွေတော့ မပြောတတ်ဘူး၊ မြို့ပေါ်ကျောင်းတွေတော့ အကုန်ဖွင့်တယ်။ ကယ်ဆယ်ရေးစခန်းက ဒီနေ့ ၁၁ နာရီမှာ ၂ ခု လွှတ်တယ်။ ညနေပိုင်းမှာ ၂ ခုလောက် လွှတ်တယ်။ အားလုံးတော့ မလွှတ်သေးဘူး။ ၂၇၀ ကျော်က စခန်း ၂ ခုက ဒုက္ခသည်တွေကို ပြန်လွှတ်တယ်။ နောက်ထပ် ညနေပိုင်းက ၂ ခုလို့ ပြောတယ်၊ လောလောဆယ်တော့ မသေချာသေးဘူး။”

ပုသိမ်မြို့နယ်တခုလုံးမှာ ရေဘေး ကယ်ဆယ်ရေးစခန်းပေါင်း ၂၇၀ ကျော် ဖွင့်လှစ်ထားပြီး လူပေါင်း ၂ သောင်းကျော် ရေဘေးဒုက္ခ ကြုံနေရပါတယ်။

ပုသိမ်ခရိုင် သာပေါင်းမြို့နယ်မှာတော့ ရေကြီးတာ ၁ လနီးပါးရှိနေပြီဖြစ်ပေမယ့် အခုချိန်ထိ ရေမကျသေးတဲ့ အတွက် ကျောင်းတွေမဖွင့်နိုင်သေးသလို ဒေသခံတွေကလည်း အစားသောက်၊ ဆေးဝါးနဲ့ အနွေးထည် အကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးကယ်ဆယ်ရေး သွားလုပ်နေတဲ့ လူမှုအဖွဲ့တွေက ပြောပါ တယ်။

အလားတူ ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်မှာ ရေအနည်းငယ်သာ ကျတဲ့အတွက် ရေဘေး ဒုက္ခသည်တွေ အိမ်မပြန်နိုင်သေးသလို ကျောင်းတွေလည်း မဖွင့်နိုင်သေးပါဘူး။ ဒါကြောင့် ရေဘေးကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ကျောင်းကုန်းမြို့က ကိုမောင်မောင်က ပြောပါတယ်။

“၂၅ ရက်လောက် ရှိသွားပြီ။ အခုထိ ရေက သိသိသာသာ မကျသေးဘူး။ မြို့ပေါ်မှာ နည်းနည်းလေး လမ်းပေါ်တာပဲ ရှိသေးတယ်။ နယ်ဘက်က အနိမ့်ပိုင်း ရပ်ကွက်တွေကတော့ ခုချိန်ထိ ဒီအတိုင်းပါပဲ အရမ်းကြီး မထူးခြားသေးပါဘူး။ ကျောင်းကုန်းကလည်း မြို့သေးပါတယ်။ ကယ်ဆယ်ရေးစခန်း အားလုံး ၆၀ ရှိပါတယ်။ ပျမ်းမျှ လူဦးရေ ၂၀၀၀၀ လောက်ရှိပါတယ်ဗျ။ ရေကျသွားလည်း တချို့အိမ်တွေက ပြန်တောင် နေလို့ မရတော့ဘူး။ အစားအသောက် အကူအညီ လိုတာပေါ့နော်။ အဓိကတော့ ဆန်ပေါ့။ ထမင်းနဲ့စားဖို့ ဟင်းအမယ်လေးတွေ လိုတယ်ဗျာ။ ကျန်းမာရေးစောင့်ရှောက်ဖို့ လိုတယ်။ နွေးနွေးထွေးထွေး နေရဖို့ စောင်တို့၊ အ၀တ်အစားတွေ လိုပါတယ်ဗျ။”

ရေကြီးရေလျှံဖြစ်တဲ့အတွက် ဆန်စပါး၊ သီးနှံတွေ ပျက်စီးလို့ ဒေသခံတောင်သူလယ်သမားတွေ အစားအသောက်နဲ့ ဆန်စပါး ပြန်ရနိုင်ရေးအဓိက လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013