Home
မြန်မာသတင်း
ဖမ်းဆီးမိ တရားမ၀င်သစ်တန် ၈၀၀ ကျော် လေလံစနစ်ဖြင့် ရောင်းချမည်
DVB
·
October 28, 2018
ကလေးခရိုင် ကလေးမြို့ မင်းကင်းမြို့နဲ့ ကလေးဝမြို့တို့မှာ ဖမ်းဆီးရမိတဲ့ တရားမ၀င်သစ်တန်ပေါင်း ၈၀၀ ကျော်ကို ကလေးခရိုင် သစ်တောဦးစီးက ဒေသတွင်း အမှန်တကယ် လိုအပ်သူများကို ဈေးပြိုင် လေလံစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ ပြောပါတယ်။ “လာမယ့် ၃၀ ရက်နေ့ မနက်ပိုင်းမှာ ကလေးခရိုင် သစ်တောရုံးမှာပဲ လေလံလုပ်မယ်။ လေလံကြမ်းခင်းဈေးကတော့ လျှို့ဝှက်ချိတ်ပိတ်ပေါ့။ ဒီနှစ် စည်းကမ်းချက် အသစ်တွေနဲ့ တိုင်းအတွင်းက လုပ်ငန်းလိုင်စင်ရသူတွေရယ်၊ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေရယ်ကို ဈေးပြိုင်စနစ်နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်” လို့ ကလေးခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်မှူး ဦးမြင့်ဟန်က ပြောပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ သစ်တန် ၈၀၀ ကျော်မှာ ကျွန်းသစ်လုံး ၁၇၂ ဒသမ ၅၁၇ တန်၊ ကျွန်းခွဲ ၆၉ ဒသမ၃၆၂၁ တန်၊ သစ်မာသစ်လုံး ၁၀၁ ဒသမ ၇၀၈၉ တန်၊ သစ်မာ ခွဲသား ၄၇၉ ဒသမ ၀၅၆၃ တန်၊ စုစုပေါင်း ၈၄၉ ဒသမ ၆၄၄၃ တန်ထိ ဖြစ်တယ်လို့လည်း သိရပါတယ်။ “လုပ်ငန်းလိုင်စင်ရ လုပ်ငန်းရှင်တွေအပြင် ဒီနှစ် ထူးခြားမှုမှာက ဒေသတွင်း အမှန်တကယ် နေအိမ်ဆောက်ဖို့ လိုအပ်တဲ့ ဒေသခံတွေကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပေးမယ်” လို့ ဦးမြင့်ဟန်က ဆိုပါတယ်။ အမှန်တကယ် နေအိမ်ဆောက်လုပ်လိုတဲ့ ဒေသခံပြည်သူတွေအနေနဲ့ နေအိမ်ဆောက်လုပ်မည်မှာ မှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ မြို့နယ် အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ သစ်ခွဲသားလိုအပ်မှု၊ အင်ဂျင်နီယာ တွက်ချက်မှု၊ မြေပိုင်ဆိုင်မှု အထောက်အထား အိမ်ထောင်စုစာရင်း မိတ္တူတွေကို တင်ပြပြီးမှသာ လေလံစနစ်နဲ့ ၀ယ်ခွင့်ပြုမှာလည်း ဖြစ်ပါတယ်။ အဲ့ဒါအပြင် တင်ဒါအောင်မြင့်တဲ့ ကုမ္ပဏီတွေအနေနဲ့လည်း ပြည်ထောင်စု (သို့မဟုတ်) တိုင်းဒေသကြီး ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်၊ ဆောက်လုပ်မယ့် အဆောက်အဦပေါ်မူတည်ပြီး အင်ဂျင်နီယာတွေရဲ့ သစ်အမျိုးအစား လိုအပ်ချက် တွက်ချက်မှု အထောက်အထားတွေနဲ့ ဈေးပြိုင်လေလံစနစ်ကို ၀င်ပြိုင်ဖို့ ခွင့်ပြုသွားမယ်လို့လည်း သိရပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024