ကျောက်ကြီးတွင် နိုင်ငံတကာမြေမြှုပ်မိုင်း ရှင်းလင်းခြင်း သရုပ်ပြပွဲပြုလုပ်

2.6K
မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးဆွေးနွေးပွဲနဲ့ နိုင်ငံတကာမြေမြှုပ်မိုင်းရှင်းလင်းခြင်း သရုပ်ပြပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ရှိ အောက်မေ့ဘွယ်ခန်းမမှာ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
မိုင်းဆိုင်ရာ လှုပ်ရှားမှုရှေ့ဆောင်အဖွဲ့ (HMAI) ၏ စီစဉ်မှုနဲ့ Norwegian People's Aid, World Education နဲ့ ငြိမ်းချမ်းမြန်မာ ကူညီထောက်ပံ့ရေးဖောင်းဒေးရှင်း (PMA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
"ဒီကိုလာရတာကတော့ မြန်မာနိုင်ငံမှာ မိုင်းဒဏ်သင့်တဲ့ ဒေသက ၉ ခုရှိတယ်။ အဲထဲမှာ ကျောက်ကြီးမြို့နယ်က မိုင်းဒဏ်သင့်ဖြစ်စဉ်တွေ အများဆုံးဖြစ်ခဲ့တဲ့ နေရာပါ။ မိုင်းဟောင်းတွေကလည်း ရှင်းလင်းခြင်း မပြုရသေးဘူး၊ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရတာတော့ နည်းသွားပြီ၊ ဒါကြောင့် ဒီဒေသမှာနေတဲ့သူတွေ မိုင်းကြောင့် အန္တရာယ်မဖြစ်အောင် ကြိုတင်အသိ ပညာပေး လုပ်ဆောင်တာပါ" လို့ PMA ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်ဇင် (အငြိမ်စား) က ပြောပါတယ်။
အခုလို မိုင်းနဲ့ ပတ်သက်ပြိး အသိပညာပေးခြင်းနဲ့ မိုင်းရှင်းလင်းရေး သရုပ်ပြ ပြုလုပ်တာဟာ ဒေသအတွက် များစွာအကျိုးရှိကြောင်း၊ အရင်က တောင်ပေါ်သွားလာရာမှာ မိုင်းကြောင့် သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ မိုင်းဒဏ်သင့်ပြည်သူတဦးက ပြောပါတယ်။
အခမ်းအနားကို ကျောက်ကြီးမြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူတွေ၊ အရပ်ဘက်အဖွဲအစည်းတွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံမိုင်းဒဏ်ခံရပြည်သူတွေ ၁၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
သတင်း ကျော်အောင်(ကညွတ်ကွင်း)