လောကပါလတရားနဲ့ ဖီလာဆန့်ကျင်တဲ့ မညီမျှခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ် အနိုင်ကျင့်ခြင်းနဲ့ တရားမဲ့ပြုကျင့်ခြင်းတွေကို ဆက်လက်ဆန့်ကျင်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီထူထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားမှာ ကြေညာလိုက်ပါတယ်။
တရားမျှတတဲ့လူ့ဘောင်သစ် ပေါ်ထွန်းလာဖို့ နိုင်ငံရေးအင်အားစုတွေနဲ့အတူ လက်တွဲကြိုးပမ်းသွားမယ်လို့လည်းပါတီ ပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။
“လွတ်လပ်ရေးအတူတူ ရယူခဲ့ကြတဲ့ လူမျိုးတွေ၊ တိုင်းရင်းသားတွေ၊ ပြည်ထောင်စုကြီးကို အတူတူတည်ဆောက်လာတဲ့ တိုင်းရင်းသားတွေ ဒီနေ့ထိ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုကို မခံစားရသေးဘူး။ အဲဒါကိုဖျက်လိုဖျက်ဆီလုပ်နေတဲ့ အဖွဲ့အစည်းတွေ၊ လူစုတွေရှိနေတယ်။ အဲဒီလိုအခြေအနေမျိုး ဆက်ရှိနေသရွေ့ ကျနော်တို့နိုင်ငံက ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူး၊ တိုးတက်ဖွံ့ဖြိုးဖို့ဆိုတာလည်း စဉ်းစားလို့တောင်ရအုံးမှာမဟုတ်ဘူး”
စနစ်အားဖြင့် ဖိနှိပ်ခြင်း၊ လူပုဂ္ဂိုလ်အားဖြင့် ဖိနှိပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအရ အမျိုးမျိုးဖိနှိပ်ခံရတာတွေရှိနေပြီး လူတစ်စုက ဖိနှိပ်တာထက် စနစ်အားဖြင့် စနစ်တကျ ဖိနှိပ်နေတာမျိုးရှိတယ်လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။
“ဖိနှိပ်နေတဲ့စနစ်ကို လူထုအားဖြင့်သော်လည်းကောင်း၊ တရားဥပဒေနည်းလမ်းအားဖြင့်ေ သ်ာလည်းကောင်း ဆန့်ကျင်သွားမယ်၊ မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးမှုအား နည်းနေပေမယ့် ပါတီအနေနဲ့ တရားဥပဒေမှ လွတ်ကင်းတဲ့ အပြုအမူမျိုးကိုတော့ လုပ်ဆောင်မှာမဟုတ်ဘဲ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေကိုလည်း အားပေးမှာမဟုတ်ဘူး”
ဒ့ါအပြင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက်အကောင်ထည်ဖော်သွားမယ်လို့လည်း ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးကတော့ မြန်မာနိုင်ငံဟာ အဖက်ဖက်က ကျဆင်းနေတာကို ဝိုင်းပြီးအဖြေရှာဖို့လိုပါတယ်လို့ ပြောသွားပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့ ပြည်ထောင်စုကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ဒီကနေ့ တောင်ကြီး မြို့ရှမ်း စာပေယဉ်ကျေးမှုခန်းမမှာ ကျင်းပတဲ့နှစ် ၃၀ ပြည့်ပါတီထူထောင်ခြင်း အခမ်းအနားမှာ ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့် လွင်ကလည်း ပြောပါတယ်။
ပါတီအနေနဲ့ နှစ်ပေါင်း ၃၀ အတွင်း ငြိမ်းချမ်းရေး မလိုလားသူ၊ ပြည်ထောင်စု ပြိုကွဲ စေသူဆိုတဲ့ တခြားသူ သံသယအမြင်နဲ့ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
ပါတီ နှစ် ၃၀ပြည့် အခမ်းအနားကို မိတ်ဖက်နိုင်ငံရေး ပါတီတွေက သဝဏ်လွာပေးပို့ပြီး ရှမ်းပြည်နယ် နိုင်ငံရေး သမားတွေ၊ မိတ်ဖက်နိုင်ငံရေး ပါတီတွေ၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်း၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းရှိ ပါတီဝင် ၂၀၀၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။
သတင်း-နန်းမြနဒီ၊ ခွန်ရာဇာ