A d v e r t i s e m e n t With Us

ဥပဒေချုပ်ဦးဟန်ထူးပါ ၆ ဦး၏ လာဘ်စားမှုတိုင်ကြားစာကို သက်သေအဖြစ် တရားရုံးလက်ခံ

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးပါ ၆ ဦးကို လာဘ်စားကြောင်း တိုင်ကြားထားတဲ့ စာကို သက်သေအဖြစ် လက်ခံကြောင်း ရန်ကုန်တိုင်း တရားလွတ်တော်ချုပ်ရုံး တရားသူကြီး က အမိန့်ချမှတ်လိုက်ပါတယ်။ တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်တင်သွင်းတဲ့ ဒီသက်သေခံချက်ကို  အောက်တိုဘာ ၂၆ ရက်နေ့ ရုံးချိန်းမှာ တရားသူကြီးက အမိန့်ချလိုက်တာပါ။ တရားလိုတင်သွင်းတဲ့ သက်သေခံတိုင်ကြားချက်ကို စွပ်စွဲခံထားသူရဲ့ ရှေ့နေတွေက ကော်မရှင်ရဲ့ တိုင်ကြားချက်ဟာ စုံစမ်းစစ်ဆေးပြီးမှ အမှုဖွင့်တဲ့ တိုင်ချက်ဖြစ်တာကြောင့် ရာဇ၀တ်ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေပုဒ်မတွေနဲ့ မညီညွတ်ဘဲ စုံစမ်းစစ်ဆေးတဲ့ အစီရင်ခံစာသာဖြစ်ကြောင်း ကန့်ကွက်ခဲ့တာပါ။ တရားသူကြီးကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥပဒေပုဒ်မ (၁၆) အရ အဂတိကျော်ဇော်မှု၊ တိုင်တန်းမှုတွေမှာ ကျူးလွန်တဲ့သူတွေကို လိုအပ်ရင်လိုအပ်သလို စုံစစ်းစစ်ဆေးအဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ရတာကြောင့် ရဲထံတိုင်ချက် သတင်းပေးမဟုတ်ပေမယ့် သက်သေအဖြစ် လက်ခံလို့ရတယ်လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ တရားလိုဖြစ်သူ ဦးမိုးနိုင်ကတော့ ဒီအမှုကိုနိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေဆီ တင်ပြခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးက အကြံပြုချက်ရရှိပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ တရားစွဲဆိုခွင့်ပြုမိန့် ရရှိခဲ့တာကြောင့် အမှုဖွင့်တရားစွဲဆိုခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုထားပါတယ်။ ဒီအမှုကိုတော့လာမယ့် နိုဝင်ဘာ ၂ ရက်နဲ့ ၆ ရက်နေ့မှာ တရားလိုကို ပြန်လည်စစ်ဆေးသွားမှာပါ။

A d v e r t i s e m e n t With Us

More News
Up