Home
မေးမြန်းခန်း
တောင်သူလယ်သမားအရေး ဖြေရှင်းနိုင်တဲ့ ပါတီဖြစ်အောင် ကြိုးစားမယ် – ဦးကျော်စွာစိုး
ပီတာအောင်
·
August 23, 2012
kyaw swar soe
A boy sits near paddy field while his parents plant rice seedlings in a paddy field on the outskirts of Yangon
မြန်မာနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၅၀ လောက် ရှိနေပြီဖြစ်ပေ မယ့် တောင်သူလယ်သမားတွေကို ကိုယ်စားပြုတဲ့ ပါတီတော့ ပါဝင်တာ မတွေ့ရသေးပါဘူး။ [caption id="attachment_29699" align="alignleft" width="225" caption="ဦးကျော်စွာစိုး"][/caption] သြဂုတ် ၂၂ ရက်နေ့ကတော့ တောင်သူလယ်သမားအရေး အဓိက ဦးစားပေးပြီး ဆောင်ရွက် မယ့် မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ တည်ထောင်ခွင့် လျှောက်ထားလိုက်ပြီ ဖြစ်ပါတယ်။ ဒီပါတီရဲ့ ရည်ရွယ်ချက်နဲ့ လယ်သမားတွေရဲ့ ဘ၀တိုးတက်ရေး ဘာတွေ ဆောင်ရွက်ဖို့ ရှိနေသလဲ ဆိုတာကို ပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးကို ကိုပီတာအောင်က ဆက်သွယ် မေးမြန်းထား ပါတယ်။ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ရည်ရွယ်ချက်နဲ့ မူဝါဒကို ရှင်းပြပါလား။ “ကျနော်ကိုယ်တိုင်ကလည်း လယ်စိုက်တယ်၊ တောင်သူလယ်သမားလုပ်တယ်။ ကျနော်က တောင်သူလယ်သမားတွေရဲ့ ဆင်းရဲတဲ့ နိမ့်ကျတဲ့၊ အားကိုးရာနေရာတနေရာလည်း အားနည်းတယ်။ ပညာမှာလည်း အားနည်းတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်နေနေ တောင်သူ လယ်သမားတွေကို မြို့ကလူတွေနဲ့ ရင်ပေါင်တန်းနိုင်အောင် လုပ်ပေးချင်တဲ့ဆန္ဒနဲ့ပဲ အစကတော့ အစည်းအရုံးလုပ်မလို့ပဲ။ အစည်းအရုံးကနေမှ လုပ်ဆောင်ချက် တဖြည်းဖြည်းချဲ့မယ်ဆိုပြီးတော့မှ အစည်းအရုံးလုပ်နေရင် ကြာဦးမယ်ဆိုတော့ ပိုပြီးစွမ်းဆောင်နိုင်တဲ့ ပါတီကို ဒီရည်ရွယ်ချက်နဲ့ပဲ လှမ်းထောင်လိုက်တာပါ။” ပါတီထောင်တဲ့နေရာမှာ ဦးကျော်စွာစိုးအပါအ၀င် ပုဂ္ဂိုလ် ၁၈ ဦး ပါတယ်ဆိုတော့ ပါတီမှာ ဘယ်သူတွေ ခေါင်းဆောင်ပါဝင်မလဲ။ “ကျနော်က ခေါင်းဆောင်၊ စိုက်ပျိုးရေးပညာရှင်တွေလည်းပါတယ်၊ လယ်သမားအင်အားတွေ လည်း တော်တော်များပါတယ်။ နိုင်ငံရေးသမားကတော့ နည်းပါတယ်။ ဧရာဝတီတိုင်းကဆို ဦးချစ်ဦး၊ မကွေးတိုင်းကဆို ဦးတင်မောင်ရွှေ၊ ဦးဝင်းလှိုင်၊ ဟသာင်္တကဆိုရင် ဦးထွန်းအောင်ကျော်၊ စစ်ကိုင်းကဆို ဦးအောင်သန်းပါ။” ပါတီကို တနိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားသွားမယ့်ပါတီလား။ ဘယ်နယ်ကို အဓိကထား ကိုယ်စားပြုပြီး လှုပ်ရှားသွားမယ့် ပါတီလဲ။ “တောင်သူလယ်သမားဆိုတာကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ သွားရမှာပေါ့။ ဒါပေမယ့် ကျနော်က မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဇာတိဖြစ်တော့ အရင်ဦးဆုံး မကွေးတိုင်းကိုတော့ ဦးတည်ပြီးသွားမယ်လို့ စိတ်ကူးထားပါတယ်။” ပါတီမှတ်ပုံတင်ကျရင် ပါတီဝင်အင်အား ဘယ်လောက်လောက်ရမယ်လို့ ခန့်မှန်းလဲ။ ဘာတွေဆက်လုပ်သွားဖို့ စီစဉ်ထားပါလဲ။ “ပါတီမှတ်ပုံတင်ကျပြီးရင်တော့ ကျနော့်ဒေသမှာတော့ ပါတီအင်အား ၁ သိန်းလောက်တော့ ရှိပါတယ်။ မကွေးတိုင်းမှာပေါ့။ တနိုင်ငံလုံးအတိုင်းအတာနဲ့တော့ ပိုများမယ်မှန်းပါတယ်။” တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီဆိုတော့ တောင်သူလယ်သမားတွေရဲ့ ဘ၀တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပါတီအနေနဲ့ ဘာတွေအဓိကလုပ်သင့်တယ်လို့ ထင်ပါလဲ။ “အရင်ဆုံး ကျေးရွာချင်းဆက်လမ်းတွေ လုပ်ပေးချင်တယ်။ ဘာလို့လဲဆိုတော့ တောင်သူ လယ်သမားတွေက မြို့ပေါ်ကိုသွားဖို့အတွက် ၁ မိုင်၊ ၂ မိုင်လောက်ကိုတောင် ရွှံ့တွေ ဗွက်တွေ တအားရုန်းကန်နေရတယ်။ နောက် ရွာချင်း တဦးနဲ့ တဦး ကူးသန်းသွားလာဖို့ရတယ်၊ ထွက်လာတဲ့ သီးနှံသယ်ယူပို့ဆောင်ဖို့ရယ် တအားခက်ခဲကြတယ်။ ဒါကျေးရွာချင်းဆက်လမ်းပေါ့။ ဒါတွေကောင်းအောင်လုပ်ပေးမယ်။ နောက် နည်းပညာပေါ့။ ကျနော် ဂျပန်မှာ ဆယ်စုနှစ် တစုစာလောက် နေခဲ့ဖူးတယ်။ အခုဂျပန်မှာ Nano နည်းပညာနဲ့စိုက်တာ ၁ ဧကကို တင်း ၃၀၀ လောက်ထွက်တယ်ဆိုတာ တွေ့ထားပြီးသား။ ကျနော်တို့ဆီမှာ ၁ ဧကကို တင်း ၆၀ လောက်ထွက်တယ်။ စိုက်စရိတ်ကလည်း အတူတူလောက်ပဲကျတယ်။ ဒါကြောင့် နည်းပညာကို ရအောင်လည်း တောင်းပါမယ်။ အဲ နည်းပညာနဲ့စိုက်ပေးနိုင်မယ်ဆိုရင် ကျနော်တို့တိုင်းပြည်မှာ တင်း ၃၀၀ လောက်မထွက်ရင်တောင် ၂၀၀ လောက်ထွက်ရင်ပဲ တော်တော်လေး တွက်ခြေကိုက်လောက်ပါတယ်။ အဲဒါကြောင့် လမ်းပန်းဆက်သွယ်ရေးရယ်၊ စပါးအထွက်တိုးနှုန်းနဲ့ ကျန်းမာရေးရယ်ပေါ့။ ကျနော်တို့ လယ်သမားတွေက တနေ့ကို ၀င်ငွေ ၈၀၀ ရဖို့ကို တော်တော်ခက်ပါတယ်။ ဒါပေမယ့် ဆေးတလုံး ထိုးမယ်ဆိုရင် ၂၀၀၀ လောက် ကျပါတယ်။ အဲဒါကြောင့် ကျေးလက်ဆေးခန်းလေးတွေကို တောင်သူလယ်သမားပါတီကနေ ဦးဆောင် လုပ်သွားမယ်လို့ အားလုံးကို ကျနော်ပြောထားပါတယ်။” လက်ရှိ လယ်သမားအရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေ၊ နိုင်ငံရေး ပါတီတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးတော့ရော အားရကျေနပ်မှု ရှိရဲ့လား။ “သိပ်တော့မတွေ့ရသေးပါဘူးခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီမှာ တောင်သူလယ်သမားက ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ပြဿနာကလည်း အခြေခံ လူတန်းစားမှာ အများဆုံးရှိတယ်။ အဲဒီအများဆုံးကိုလည်း တထိုင်တည်း မဖြေရှင်းပေးနိုင်ဘူး။ ဒီဘက်မြို့မှာ တခု၊ ဟိုဘက်မြို့မှာ တဖုံ၊ တခြားတိုင်းမှာလည်း တမျိုး၊ အမျိုးပေါင်းများစွာ ဖြစ်နေတော့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အခုလက်ရှိ အုပ်ချုပ်နေတဲ့ လူတွေလည်း ဇဝေဇ၀ါ ဖြစ်နိုင်တယ်။ ကျနော်တို့ အပြင်က တင်ပြရတဲ့လူတွေလည်း ပြဿနာပေါင်းစုံ ဖြစ်နေတဲ့အတွက် သိပ်အားမရသေးဘူးပေါ့။” ဦးကျော်စွာစိုးတို့ရဲ့ နိုင်ငံရေးနောက်ခံပေါ့။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဖြတ်သန်းမှု ရှိခဲ့လား။ နိုင်ငံရေ့း နောက်ခံ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာတွေ ရှိသလဲဗျ။ “၂၀၁၀ တုန်းက မကွေးတိုင်း စလင်းမြို့နယ်ကနေ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားပြုပြီး ကျနော် ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ မဲပေါင်း ၄၀,၀၇၅ မဲနဲ့ ကျနော်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ မြန်မာပြည်မှာ ဒုတိယတန်း ပြေးနေတဲ့ မဲပါပဲ။ ကျနော့်ထက်ပြေးတာက ရှေ့မှာ တယောက်ပဲ ရှိပါတယ်။ ဒါပေမယ့် တစညကို ရှုံးသွားတာပေါ့။ ကြားဖြတ်ကတော့ ပွင့်ဖြူမြို့နယ်က ပါဝင်ယှဉ်ပြိုင်ခဲ့တာပေါ့။ ဒါတွေကတော့ နိုင်ငံရေး အတွေ့အကြုံတွေပါပဲ။” လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ဘာရည်ရွယ်ထားတာရှိပါလဲ။ “၂၀၁၅ ကျရင်တော့ တောင်သူလယ်သမားပါတီကနေပြီးတော့ လယ်သမားကိုယ်စားပြုပုဂ္ဂိုလ်တွေ များများပါဝင်နိုင်အောင် ဦးဆောင် ကြိုးစားသွားပါမယ်။” ပါတီ ၅၀ ကျော်ရှိတဲ့အထဲမှာ တောင်သူလယ်သမားကို ကိုယ်စားပြုတဲ့ ပါတီမတွေ့ရသေး ဘူးပေါ့။ တောင်သူလယ်သမားအရေးနဲ့ ပတ်သက်လို့ ဘာများပြောချင်ပါလဲ။ “ကျနော်ကတော့ အမှန်အတိုင်းပြောရရင် ဒီမိုကရေစီတွေ၊ ငြိမ်းချမ်းရေးတွေ ဆိုတာဟာ တခြားပါတီတွေ တော်တော်များများ ဦးဆောင်ပြီး အလုပ် လုပ်နေကြပါတယ်။ ပြည်တွင်းထဲမှာ တကယ်ကို ဆင်းရဲနေတဲ့ တောင်သူလယ်သမားတွေဟာ၊ အလုပ်လုပ်ရဆုံး အဆင်းရဲဆုံး လူတွေ ဖြစ်နေပါတယ်။ အစည်းအရုံးတွေ အသီးသီးပေါ်ခဲ့ပေမယ့်လည်း ဆိုက်ကားတို့ မြင်းလှည်းတို့တောင်မှ အနှေးယာဉ်အစည်းအရုံး ရှိပါတယ်။ ဇာတ်သဘင်ကနေတဲ့ သူတွေဆိုလည်း ဇာတ်သဘင်အစည်းအရုံးရှိတယ်။ ရုပ်ရှင်ရိုက်နေတဲ့သူတွေ ဆိုလည်း ရုပ်ရှင်အစည်းအရုံးရှိပါတယ်။ သိပ်ကိုများပြားနေတဲ့ တောင်သူ လယ်သမားတွေ ကျတော့ တောင်သူလယ်သမား အစည်းအရုံး မရှိဘူး။ ပါတီမရှိဘူး။ ဒါကြောင့် ကျနော် ဒီပါတီကို ဒီထက် စွမ်းစွမ်းတမံ မြန်မာတပြည်လုံး သွားနိုင်အောင်၊ လာနိုင်အောင်၊ လုပ်နိုင်အောင်၊ တကယ်ကို တောင်သူလယ်သမားတွေအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ပါတီတခုဖြစ်အောင် ကျနော်ကြိုးစားသွားပါမယ်လို့ ပြည်သူတွေကို ပြောပေးပါ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024