ခရိုင်ဆက်လမ်းဖောက်မှုကြောင့် နစ်နာမည့် တောင်သူများ နတ်မောက်မြို့တွင်ဆန္ဒပြ
DVB
·
October 26, 2018
မကွေးခရိုင်နဲ့ ရမည်းသင်းခရိုင် ခရိုင်ချင်းဆက် လမ်းဖောက်လုပ်တာနဲ့ ပတ်သက်လို့ မကျေနပ်တဲ့အတွက် အောက်တိုဘာ ၂၅ ရက် မနက်က နတ်မောက်မြို့နယ်ရှိ ဒေသခံတောင်သူ ၁၀၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။
လမ်းဖောက်လုပ်ရာမှာ တောင်သူတွေလုပ်ကိုင်စားသောက်နေတဲ့လယ်ယာမြေတွေ ဆုံးရှုံးနစ်နာမှုရှိနိုင်လို့ ဆန္ဒပြကြတာလည်းဖြစ်ပါတယ်။
သပွတ်ပင်ရွာ ဒေသခံတောင်သူ ဦးစိုးမြင့်က "လမ်းဖောက်မယ်ဆိုရင် ယာမြေ တစ်ဧကလောက်ဆုံးရှုံးမှာဖြစ်ပြီး တောင်သူတွေ လှူဒါန်းထားတဲ့ ရွာမြောက်ဘက်ကပဲ လမ်းဖောက် စေချင်တယ်။ လမ်းကြံ့ခိုင်မှုကလည်း မြောက်ဘက်က ပိုကောင်းပြီး တောင်ဘက်ခြမ်းက လယ်သမားတွေ ပိုမိုဆုံးရှုံးနစ်နာမှာပါ။ လယ်ယာမြေပိုင်ဆိုင်မှု ပုံစံ(၇)တွေ လည်းရှိပါတယ်။ ဒေသဖွံ့ဖြိုးရေးလမ်းဖြစ်တဲ့အတွက် လျော်ကြေးမရရှိဘူးလို့"ပြောပါတယ်။
သပွတ်ပင်းကျေးရွာ တောင်သူတွေဟာ ရွာရဲ့တောင်ဘက်ခြမ်းက ယခင်မီးရထားလမ်း ဖောက်စဉ်ကလည်း မြေယာတွေ ဆုံးရှုံးခဲ့တဲ့အတွက် လှူဒါန်းမှုများတဲ့ ကျေးရွာမြောက်ဘက်က လမ်းဖောက်ပေးဖို့ တောင်းဆိုတာဖြစ်ပြီး လှူဒါန်းမှုများပြားတဲ့ သပွတ်ပင်ကျေးရွာ မြောက်ဘက်ကပဲ လမ်းဖောက်ပေးစေချင်တယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူ နတ်မောက်မြို့ခံ ဦဇော်ဝင်း ကပြောပါတယ်။
နတ်မောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်းကတော့ တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ တစ်ရွာလုံးမှာ မဲခွဲဆုံးဖြတ်ပြီး အများစုရဲ့ ဆန္ဒအရ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
"ဒီလမ်းကို လွှတ်တော်စပြီးတင်ကတည်းက တောင်ဘက်ကတင်တာပါ။ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး ဦးဆောင်တဲ့အဖွဲ့က တစ်ရွာလုံး မဲခွဲပြီး ဆုံးဖြတ်ခဲ့တာပါ။ မြေဆိုတာ နိုင်ငံတော်ကပိုင်တာဖြစ်ပြီး ဖွံ့ဖြိုးရေးလမ်းဖြစ်လို့ လျော်ကြေးမပေးပါဘူး။ အုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်တာမဟုတ်ဘဲ ထိန်းကျောင်းတာ လုပ်ခွင့်ရှိပါတယ်။ ဒီမိုကရေစီစနစ်မှာ အများဆန္ဒကို ဦးစားပေးရပြီး အနည်းဆန္ဒကို လည်း ဥပေက္ခာပြုလို မရဘူး။ဒီလမ်းဟာ နတ်မောက်မြို့နယ်သာမက မြို့သစ်မြို့နယ် အတွက်ပါ အကျိုးပြုလိမ့်မယ်"
ဆန္ဒဖော်ထုတ်ရာမှာ ဦးဆောင်တဲ့ သပွတ်ပင် ကျေးရွာက ဦးညီမြက"လွှတ်တော် အမတ်က မလှူတဲ့နေရာက အတင်းအဓမ္မ လမ်းဖောက်ပြီး၊ လှူတဲ့နေရာက ဖောက်မပေးတဲ့အတွက် ဆန္ဒဖော်ထုတ်တာပါ။ မြောက်ဘက်ခြမ်းက လှည်းလမ်းက ဖောက်ရမှာ ဖြစ်တဲ့အတွက် တောင်သူတွေရဲ့ ပျက်စီးမှုနည်းပါးမှာပါ။ တောင်ဘက်ခြမ်းက တောင်သူတွေ လုပ်ကိုင်စား သောက်တဲ့ လယ်ယာမြေ ဆုံးရှုံးမှုပိုများမှာပါ။ မဲခွဲတဲ့နေရာမှာလည်း နစ်နာမယ့် တောင်သူတွေချည်း မဟုတ်ဘဲ တစ်ရွာလုံးကို မဲခွဲမှာဆိုတော့ မကျေနပ်သူတွေ ထပြန်ပြီးနောက်ပိုင်း မဲခွဲဆုံးဖြတ် တယ်လို့"ဆိုပါတယ်။
ဆန္ဒဖော်ထုတ်ပွဲမှာ တောင်သူလယ်သမား အများဆန္ဒ လိုက်လျောပေးရေး၊ တောင်သူလယ်သမားများ မျက်နှာမကြည့်တဲ့ လွှတ်တော်ကိုယ်စား လှယ်(အလိုမရှိ)၊ အုပ်ချုပ်မှု စွက်ဖက်တဲ့ လွှတ်တော်ကိုယ်စားလှယ် (အလိုမရှိ) စတဲ့ကြွေးကြော်သံတွေနဲ့ အတူ နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်ကနေ ရန်အောင်မြင်လမ်းထိပ်ထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
သတင်း-မင်းထီး