လွှတ်တော်နှစ်ရပ် မကျင်းပနိုင်
ရွှေအောင်
·
August 23, 2012

ဒီနေ့မနက်ပိုင်း ကျင်းပဖို့ရှိတဲ့ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် နှစ်ရပ်စလုံး ကြိုတင်ကြေညာထားခြင်း မရှိဘဲ မပြုလုပ်ဖြစ်ဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်း လွှတ်တော်ခန်းမထဲမှာ အခမ်းအနားမှူးက လွှတ်တော် မကျင်းပဖြစ်တဲ့အကြောင်း ကြေညာခဲ့ပြီး ဘာ့ကြောင့် မကျင်းပဖြစ်လဲဆိုတာ ထည့်သွင်းပြောကြားခြင်း မရှိဘဲ၊ မွန်းလွဲ ၁ နာရီမှာ ပြည်ထောင်စုလွှတ်တော် ကျင်းပမှာ ဖြစ်ကြောင်းသာ ပြောကြားသွားခဲ့တဲ့အကြောင်း သီပေါ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် အမတ် ဒေါက်တာအေးမောင်က “တမြန်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး တွေ့တယ်လို့ သတင်းထွက်တယ်လေ။ ဒီနေ့လည်း ဥက္ကဋ္ဌ ၂ ပါးလည်း သမ္မတကြီးနဲ့ တွေ့တယ်ထင်ပါတယ်။ နောက် ကာလုံအစည်းအဝေးလုပ်တယ်လည်း ကြားပါတယ် လွှတ်တော် ၂ ရပ်လုံး ဖျက်သိမ်းတယ်လို့ ကြားပါတယ်။”
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနဲ့ လွှတ်တော်နှစ်ရပ်အကြား အငြင်းပွားနေတဲ့ လွှတ်တော်ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး၊ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးနေကြတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။
ဩဂုတ် ၂၂ ရက်နေ့ ညပိုင်းမှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့လည်း စုံစမ်းသိရပါတယ်။ ၁ ပါတ်အတွင်း နှစ်ကြိမ်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဘာတွေ ဆွေးနွေးတယ်ဆိုတာတော့ နှစ်ဘက်စလုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
