သီတင်းကျွတ်ကာလ ကျောက်ကြီး စပ်လဲရေတံခွန်၌ အမျိုးသား ၂ ဦး ရေနစ်သေဆုံး
DVB
·
October 25, 2018

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ စပ်လဲကျေးရွာရေတံခွန်မှာ သီတင်းကျွတ် ကာလအတွင်း အမျိုးသား ၂ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ကျောက်ကြီးမြို့မ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ရေနစ်သေဆုံးသူတွေဟာ သီတင်းကျွတ်ကာလ လာရောက်အပန်းဖြေသူတွေ ဖြစ်ကြပြီး အောက်တိုဘာ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ သေဆုံးခဲ့ကြတာပါ။
ကျောက်ကြီးမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက "နစ်သေတဲ့ နေရာကတော့ တနေရာထဲပဲ။ အရင်နေ့က တယောက်နဲ့ လပြည့်နေ့က တယောက်ပါ။ အခုနစ်တဲ့နေရာက ချောက်လိုဖြစ်နေတယ်။ အပေါ်က ရေကျတဲ့အတွက် ရေထိုးချထားတဲ့ အချိန်နဲ့ ဂလိုင်လိုဖြစ်နေတာ။ ပထမတယောက်ကတော့ ဘေးကကျောက်တုံးပေါ်ကိုတက်ပြီး ခြေချော်ကြရာကနေ ရေနစ်တာပါ။ ရေကအပေါ်က ကျနေတော့ ပြန်ထွက်ဖို့ ခက်တဲ့နေရာဖြစ်နေတယ်"လို့ ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းလောက်က ရန်ကုန်မြို့ကနေ သူငယ်ချင်းတွေနဲ့အတူ လာရောက်လည်ပတ်တဲ့ ဘီလားဆိုသူတဦး ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းမှာ ပဲခူးမြို့က မိသားစုနဲ့အတူ လာရောက်လည်ပတ်တဲ့ ညီညီထက်ဆိုသူတဦး ထပ်မံရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ရေနစ်သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျောက်ကြီးမြို့မ ရဲတပ်ဖွဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ပြီး သေဆုံးသူတွေရဲ့ အလောင်းတွေကို ကျောက်ကြီးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနေပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)