Home
မြန်မာသတင်း
အင်ဒင်းကျေးရွာက သိမ်းဆည်းခံလယ်မြေများအတွက် လျှော်ကြေးပေးမည်
DVB
·
October 25, 2018
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အင်ဒင်းကျေးရွာအနီး နယ်ခြားစောင့် ရဲတပ်ရင်း တည်ဆောက်ဖို့ သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေအတွက် လျှော်ကြေးပြန်လည် ပေးမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။ ၂၀၁၈ ခုနှစ် မတ်လက အမှတ် (၆) နယ်ခြားစောင့် ရဲတပ်ရင်း တည်ဆောက်ရာမှာ အင်ဒင်းကျေးရွာအုပ်စု ပဲရုံစံပြ (နတလ) ကျေးရွာမှ ရခိုင်တိုင်းရင်းသားတွေရဲ့  လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ ဧက ၃၀ ကျော်ပါဝင်ခဲ့တာကြောင့် တောင်သူတွေက လယ်တွေ ပြန်လည်ရရှိရေး ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ထံ တင်ပြခဲ့တာပါ။ မောင်တောမြို့ မဲဆန္ဒနယ်(၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက "အသိမ်းဆည်းခံပြည်သူတွေရဲ့ အထောက်အထားတွေနဲ့ တင်ပြလာတဲ့အပေါ် လွှတ်တော် အမတ်တဦးအနေနဲ့ အသိမ်းဆည်းခံမြေတွေ ပြန်လည်ရှိရေးအစား လျှော်ကြေး ဒါမှမဟုတ် လယ်မြေယာတွေ အစားထိုး ပြန်လည်ရှိရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ကို မေးခွန်းမေးမြန်းခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ အသိမ်းဆည်းခံလယ်ယာမြေတွေနဲ့ ပတ်သက်ပြီး လျှော်ကြေးပေးစီမံဖို့ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်" လို့ပြောပါတယ်။ အသိမ်းဆည်းခံထားရတဲ့ ဒေသခံတွေတင်ပြရာမှာ လယ်မြေနဲ့ ဥယျာဉ်ခြံမြေ စုစုပေါင်း ၃၃.၀၈ ဧက တင်ပြခဲ့ပေမယ့်လည်း သက်ဆိုင်ရာဝန်ကြီးဌာနက ၂၉.၂၉ ဧကသာ လျှော်ကြေးပေးဖို့ အကြောင်းကြားခဲ့တယ်လို့ သိရတယ်။ ကျန်ဧကတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်က အသိမ်းဆည်းခံ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးရှင်းလင်းပြောကြားရာမှာ ဥယျာဉ်ခြံမြေ ၃ ဧက ပါဝင်နေတယ်လို့ သိရပါတယ်။ လျှော်ကြေးငွေတွေ ဘယ်အချိန်ပေးမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024