ရုရှားအတွက် ငြိမ်းချမ်းရေးသင်္ကေတ သံလွင်ခက်ပါမလာဟု အမေရိကန် ပြော

ရုရှားအတွက် သံလွင်ခက် မပါလာခဲ့ဘူးလို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန် ဘိုလ်တန်က ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကို ပြောပါတယ်။ ရုရှားနိုင်ငံ မြို့တော်မော်စကိုကို အလည်ရောက်နေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘိုလ်တန်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ ကရင်မလင် နန်းတော်မှာ အောက်တိုဘာ ၂၃ ရက်က ဆွေးနွေးချိန်မှာ ခုလိုပြောလိုက်တာပါ။ မချောမွေ့ဖြစ်နေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆွေးနွေးချိန်မှာ အမေရိကန်ရဲ့ အမှတ်တံဆိပ် ထဲက သိမ်းငှက်မှာ ငြိမ်းချမ်းရေး သင်္ကေတ သံလွင်ခက် ပျောက်နေတယ်လို့ ရုရှားသမ္မတက အရွှန်းဖောက် ပြောခဲ့တာပါ။ ဂျွန်ဘိုလ်တန်က ရုရှားအတွက် သံလွင်ခက် တခက်မှ ယူမလာခဲ့တာလို့ ပြန်ပြောခဲ့ပါတယ်။ သံလွင်ခက်ဟာ ထိပ်တန်းဦးစားပေးကိုပြရင်း သိမ်းငှက်ရဲ့ ညာခြေထောက်ထဲမှာ ရှိနေတယ်လို့လည်း သူကပြောပါတယ်။ အမေရိကန်နဲ့ ရုရှားကြား ချုပ်ဆိုထားတဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်ကို အမေရိကန်က စွန့်လွှတ်ဖို့ လိုလားတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့လို့ အဲဒီစကားကို ရည်ညွှန်းပြီး ပူတင်က ပြောခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရက ရုရှားအစိုးရကို အကြောင်းမဲ့ ရမယ်ရှာတဲ့ လုပ်ရပ် အတွက် ရုရှားဟာ တခါတလေ အံ့အားသင့်ရတယ်လို့လည်း ပူတင်က ဘိုလ်တန်ကို ပြောပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံလုံးက နိုင်ငံရေးသမားတွေ ကတော့ အမေရိကန်နဲ့ရုရှား အစိုးရတွေဟာ ဆက်ဆံရေး တိုးတက်ဖို့ လုပ်သင့်တယ်လို့ သဘောတူ ထားကြပါတယ်။ ပူတင်က သူဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးပွဲအသစ်တွေ ကျင်းပချင်တယ်လို့ ဘိုလ်တန်ကို ပြောပါတယ်။ ဘိုလ်တန်ကလည်း ထရမ့်ဟာ ပူတင်ကို လာမယ့်လမှာ ကျင်းပမယ့် ပါရီဆွေးနွေးပွဲမှာတွေ့ဖို့ မျှော်လင့်နေလိမ့်မယ်လို့ ပြန်ပြောပါတယ်။ ပူတင်နဲ့ ထရမ့်တို့ဟာ ပထမကမ္ဘာစစ် ပြီးဆုံးတဲ့ အထိမ်းအမှတ် အနေနဲ့ နိုဝင်ဘာလမှာ ပါရီမြို့မှာ ကျင်းပတဲ့ ပွဲစဉ်တခုအတွင်း တွေ့ဆုံဖို့ မျှော်လင့်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up