DVB Logo
Home
မြန်မာသတင်း
မြောင်းမြ အန်အယ်လ်ဒီ ဆန္ဒပြမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
DVB
·
August 22, 2012
မြောင်းမြ အန်အယ်လ်ဒီ ဆန္ဒပြမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
Donate to DVB

လွန်ခဲ့တဲ့သီတင်းတပတ်ကျော်လောက်က  ဧရာဝတီ​တိုင်း ​မြောင်းမြမြို့မှာ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တချို့  ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်ပြီး သွားရောက် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့  အန်အယ်လ်ဒီ ဗဟိုက စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။

[caption id="attachment_29629" align="alignleft" width="300" caption="ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့က မြောင်းမြ အန်အယ်လ်ဒီအဖွဲ့ဝင်များ ဆန္ဒပြနေစဉ် photo- Neviru Saint"][/caption]

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  မြောင်းမြခရိုင်နဲ့ မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်တွေ ဖွဲ့စည်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်လို့ မြောင်းမြမြို့က အန်အယ်လ်ဒီအဖွဲ့ဝင် တချို့က ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်တွေရဲ့ဆုံးဖြတ်ချက်နဲ့အဖွဲ့ ဝင် ၃ ဦးပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဒီနေ့ဖွဲ့စည်းလိုက်ပြီလို့ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ ဆုံးဖြတ်ပြီးပါပြီ။ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ရန်ကုန်တိုင်းက ၃ ယောက်နဲ့ ဖွဲ့ပြီးတော့ ရန်ကုန်တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးတင်ရှိန်၊ ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ဝင် ဦးဘိုဘိုဦးနဲ့ ဦးအေးနိုင်ရယ်ပါ။ အမြန်ဆုံးသွားရောက်ဖို့နဲ့ အမြန်ဆုံး အစီရင်ခံဖို့ ကျနော်တို့ လုပ်ထားပါတယ်။ မြောင်းမြကိစ္စတခုကိုပဲ စစ်ပါမယ်။ ဘာကြောင့်လဲ၊ ဘာကိုဆန္ဒပြတာလဲ၊ ဘာဖြစ်တာလဲ သိဖို့လိုတယ်လေ။”

မြောင်းမြမြို့က  အန်အယ်လ်ဒီ ​ပါတီဝင် ၁၀၀ ကျော်ဟာ  ​မြို့နယ်ကော်မရှင် ​အဖွဲ့နဲ့ ​ခရိုင်ကော်မရှင်အဖွဲ့တွေ ​ဖွဲ့စည်းရာမှာ ဒီမိုကရေစီနည်းကျ မရွေးချယ်ဘဲ  ​နီးစပ်ရာလူကိုသာ ​ရွေးချယ်ခန့်ထားတယ်ဆိုပြီး ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့ က မြောင်းမြ အန်အယ်လ်ဒီရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

မြောင်းမြမြို့နယ် အန်အယ်လ်ဒီ ညီလာခံကျင်းပရေးကော်မရှင် အဖွဲ့ဝင် ဒေါ်ခိုင်ဇင်ဦးက “၂၁ ယောက်လုံး အောင်နိုင်ရေးတုန်းက လုပ်ခဲ့တဲ့သူတွေကို ပြန်ပြီးတော့ ဖွဲ့လိုက်တဲ့သဘောမျိုး ဖြစ်သွားတာ အမှန်ဆိုရင် အလွယ်တကူ ပြီးသွားမယ့်ကိစ္စလို့ ထင်လို့ ဒီလိုလုပ်လိုက်တာ။ အဲဒါကို ဗဟိုဦးစီးစနစ်နဲ့ ကော်မရှင်ဖွဲ့တယ် ဆိုပြီးတော့ တဖက်ကလူတွေကနေ ဆန္ဒပြကြတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တနင်္သာရီတိုင်း ကော့သောင်းမြို့မှာလည်း မြို့နယ် ညီလာခံကျင်းပရေးကော်မရှင် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဒီမိုကရေစီနည်းမကျဘူး ဆိုပြီး အန်အယ်လ်ဒီရုံးရှေ့မှာ အဖွဲ့ဝင်တဦးက ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကတော့  ညီလာခံကျင်းပရေး ကော်မရှင်ဟာ အာဏာပိုင်အဖွဲ့အစည်း မဟုတ်တဲ့အကြောင်းနဲ့ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းဖို့ကိစ္စ လက်တွေ့မကျဘူးလို့ ပြောပါတယ်။

“ကော်မရှင်ဖွဲ့တာနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီနည်းကျလုပ်ပါမယ်လို့ ၀န်မခံဘူး။ ဒီလိုလည်း မညွှန်ကြားဘူး။ ကျနော်တို့က ညီလာခံကျင်းပရေး ကော်မရှင်။ ဒါ အာဏာပိုင်အဖွဲ့အစည်း မဟုတ်ဘူး။ လုပ်ငန်းစဉ်တခုပဲ။ လုပ်ငန်းစဉ် ကြီးကြပ်ဖို့ပဲ။ ဒါကြောင့် ဒီမိုကရေစီနည်းကျ ရွေးချယ်မယ်ဆိုရင် ဒါက ၁ နှစ်နဲ့လည်း ပြီးမှာမဟုတ်ဘူး။ ဒါကြောင့် ဒီလိုနည်းနဲ့ လုပ်တာ မဟုတ်ဘူးလို့ ပြောချင်တယ်။”

အန်အယ်လ်ဒီပါတီဟာ မြန်မာတနိုင်ငံလုံးအနှံ့ ရပ်/ကျေးညီလာခံတွေ ကျင်းပပြီး  ပါတီတွင်း  ခေါင်းဆောင်မှုအဆင့်ဆင့်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်ဖို့ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ညီလာခံကျင်းပရေးကော်မရှင်တွေကို  ရည်ရွယ်ဖွဲ့စည်းနေတာပါ။
၂၀၁၂ ခုနှစ်မကုန်ခင်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အန်အယ်လ်ဒီ ညီလာခံတွေ ကျင်းပပြီးစီးနိုင်ဖို့ မျှော်လင့်ထားပေမယ့် ရပ်/ကျေးအဆင့် ညီလာခံ ကျင်းပရေး ကော်မရှင်တွေ ဖွဲ့စည်းမပြီးသေးတဲ့အတွက် အခုချိန်ထိ ညီလာခံတွေ စတင်ကျင်းပနိုင်ခြင်း မရှိသေးပါဘူးလို့ အန်အယ်လ်ဒီပါတီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013