ဧရာဝတီ ရေဘေးသင့်သူများကို ကူညီရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
ရွှေအောင်
·
August 22, 2012

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေကို ၀ိုင်းဝန်းကူညီ ထောက်ပံ့ကြဖို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ ခုအနက် ၂၁ ခုမှာ ရေလွှမ်းမိုးတဲ့ အန္တရာယ်ကျရောက်နေပြီး ၊ ရေဘေးကယ်ဆယ်ရေးစခန်း ၂၀၀ ကျော်မှာ ရေဘေးသင့်ပြည်သူပေါင်း ၇ သောင်းလောက် စောင့်ရှောက်ထားရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က “မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူများကိုလည်း ကျနော်တို့ တိုင်းဒေသကြီးရဲ့အခြေအနေတွေကို သိရှိပြီးတော့ လိုအပ်တဲ့ အလှူတွေ၊ ကယ်ဆယ်ရေး ပစ္စည်းတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းပေးဖို့အတွက် ကျနော့်အနေနဲ့ နှိုးဆော်အပ်ပါတယ်။ အလှူခံအပ်ပါတယ်လို့ ပြောချင်ပါတယ်။”
ရေဘေးအန္တရာယ်ကျရောက်နေမှုအပေါ် တိုင်းလွှတ်တော်က တိုင်းအစိုးရအဖွဲ့ထံ အချက် ၃ ချက် တင်ပြတောင်းဆိုထားပါတယ်။
အဲဒီ ၃ ချက်ကတော့ ရေဘေးဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို နေ့ချင်းညချင်း ကူညီဖြေရှင်း ဆောင်ရွက်ပေးဖို့၊ ရေမြှုပ်မှုကနေ ကျော်လွှားနိုင်ဖို့ အစိုးရအဖွဲ့က အစီအမံကောင်းတွေ ချမှတ်ပေးဖို့နဲ့ မြစ်ကမ်းဘေးက တာတမံတွေကို စိတ်ချရတဲ့အထိ ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းတွေ အမြန်ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံမှာ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်ပြီး လယ်တွေရေမြုပ်ပျက်စီးမှု ဟာ ဆန်စပါးအထွက်တိုးမှုကို ထိခိုက်စေနိုင်တဲ့အတွက် စိုးရိမ်ပူပန်မှုတွေလည်း ထွက်ပေါ်နေတာပါ။ လာမယ့်ရက်ပိုင်းအတွင်း ရေထရက်ဖြစ်လို့ ထပ်မံ ရေကြီးနိုင်တယ်လို့ ပုသိမ်ခရိုင်ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း သြဂုတ် ၂၀ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းဇယားတွေအရ လယ်မြေဧက ၂ သိန်း ၈ သောင်းကျော် ရေမြှုပ်နေပြီး၊ ဧက ၆ သောင်းလောက် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဦးဆန်းဆင့်က ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ ရေကြီးလို့ အခြေခံပညာကျောင်းပေါင်း ၄၆၀ ကျော် ယာယီပိတ်ထားရပြီး၊ ရန်ကုန်-ပုသိမ်ကားလမ်းအပါအ၀င် ပုသိမ်-ချောင်းသာလမ်း၊ ရေကြည်-သာပေါင်း-ဒေါင့်ကြီးလမ်း၊ လပွတ္တာ-မြောင်းမြ-အိမ်မဲလမ်း၊ ကျောင်းကုန်း- ကျုံပျော်လမ်း၊ ကျောင်းကုန်း-ပန်းတနော်လမ်း၊ ပုသိမ်-ရွှေမြင်တင်-သာပေါင်းလမ်း စတဲ့ လမ်းပိုင်းတွေမှာ အပိုင်းလိုက် ရေကျော်ပြီး ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က ရှင်းပြပါတယ်။
ပုသိမ်-ဟင်္သာတ ရထားလမ်းမှာ ပုသိမ်ကနေ ကြံခင်းအထိ ရေကျော်နေတဲ့အတွက် ရထားလမ်းပိတ်ထားရပြီး တချို့နေရာတွေမှာ ရေဘေးသင့်ပြည်သူတွေ ကို ပြောင်းရွှေ့နေရာချထားပေးနေရပါတယ်။ ဧရာဝတီတိုင်းအပြင် ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ်တချို့မှာလည်း ရေကြီးရေလျှံနေပါတယ်။
ဧရာဝတီတိုင်းဒေသကြီး တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်နဲ့ ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကိုလည်း အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။