DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားမဟာမိတ်အဖွဲ့ ကျယ်ပြန့်သည့် တိုင်းရင်းသားညီလာခံခေါ်မည်
DVB
·
August 22, 2012
တိုင်းရင်းသားမဟာမိတ်အဖွဲ့ ကျယ်ပြန့်သည့် တိုင်းရင်းသားညီလာခံခေါ်မည်
1 / 2
Donate to DVB

တိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစု တခုဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ပြည်ပမှာရောက်နေတဲ့ တိုင်းရင်းသားအင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မယ့်  တိုင်းရင်းသား ညီလာခံတရပ်ကို ပြည်ပမှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

[caption id="attachment_29621" align="alignleft" width="300" caption=" ယူအန်အက်ဖ်စီ အတွင်းရေးမှူး နိုင်ဟံသာ"][/caption]

ယူအန်အက်ဖ်စီ အတွင်းရေးမှူး နိုင်ဟံသာက “အဓိကအားဖြင့် လက်နက်ကိုင်တော်လှန်နေတဲ့ အင်အားစုတွေ အကုန် ပါဝင်နိုင်သလောက်ကို ဖိတ်တယ်။ တချို့က လက်နက်မကိုင်ကြပေမယ့် အမျိုးသားရေး ဒါမှမဟုတ် နိုင်ငံရေးပုံစံ အဲဒီလို အဖွဲ့အစည်းမျိုး နောက်ပြီး လူငယ်တွေ၊ အမျိုးသမီးတွေ၊ အန်ဂျီအိုပုံစံတွေ၊ သတင်းမီဒီယာအဖွဲ့တွေကို ဖိတ်ခေါ်ပြီး ကျနော်တို့ တိုင်းရင်းသားတွေ ဘက်က အမြင်တခု ရနိုင်ဖို့ စုပေါင်းပြီး သတ်မှတ်မလို့ပါ။ ပြည်တွင်းက အဖွဲ့တွေ မပါသေးဘူး” လို့ ပြောပါတယ်။

ယူအန်အက်ဖ်စီတပ်ပေါင်းစုထဲမှာ သက်တမ်းရှည်ကြာလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တွေလို အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ညီလာခံခေါ်ရတဲ့ ရည်ရွယ်ချက်ကို နိုင်ဟံသာက “အဓိကကတော့ အစိုးရနဲ့ ဆွေးနွေးမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ကျနော်တို့က ဘယ်လို လိုချင်တယ်ဆိုတဲ့ဟာမျိုးပေါ့။ အစိုးရဘက်က လက်ရှိသဘောထားတွေ ထုတ်ပြန်လာပြီလေ။ အဲဒီထဲက ကျနော်တို့ လက်မခံနိုင်တဲ့အပေါ်မှာ လက်ခံနိုင်တဲ့ သဘောထားက ဘယ်လိုရှိတယ် ဆိုတဲ့ဟာပေါ့။ နောက်ပြီး ကျနော်တို့ အဓိပ္ပာယ် ဖွင့်ချင်တဲ့ဟာတွေလည်း တူညီအောင်ပေါ့ဗျာ။ ဥပမာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးက ဘာလဲ။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘယ်လိုပုံစံမျိုးလဲ စသဖြင့် ဒါတွေကို ကျနော်တို့အားလုံး ညှိပြီး တကယ်ဆွေးနွေးတဲ့အခါမှာ အထောက်အကူဖြစ်ဖို့ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ တူညီတဲ့ သဘောထား ရှိထားဖို့အတွက်ပါ။”

ပြည်တွင်းက တိုင်းရင်းသားအင်အားစုတွေနဲ့ သူတို့တပ်ပေါင်းစုအဖွဲ့ဟာ သဘောထားချင်း တိုက်ဆိုင်မယ်လို့ ယုံကြည်ယူဆကြောင်း နိုင်ဟံသာက ဖြည့်စွက်ပြောဆိုပါတယ်။

ယူအန်အက်ဖ်စီဟာ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်ဖို့ အစိုးရကို တောင်းဆိုသလို အစိုးရဘက်ကတော့ တဖွဲ့ချင်းစီ အပစ်အခတ်ရပ် ဆွေးနွေးခဲ့ပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မအောင်မြင်ဘဲ နေ့စဉ်တိုက်ပွဲ ဖြစ်နေသလို အပစ်အခတ် ရပ်ထားပြီးသား တိုင်းရင်းသား လက်နက်ကိုင်တချို့လည်း ထိတွေ့တိုက်ပွဲဖြစ်နေဆဲ ဖြစ်ပါတယ်။

ယူအန်အက်ဖ်စီ တပ်ပေါင်းစုအနေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးလိုလားတယ်လို့ ရပ်တည်ထားပြီး အစိုးရဘက်က ပြောနေတဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုတာဟာ တိုင်းရင်းသားတွေဘက်က လက်နက်စွန့်ရမယ်ဆိုတဲ့ အနက်အဓိပ္ပာယ် ပေါ်နေတဲ့ အတွက် လက်မခံနိုင်ပါဘူးလို့ နိုင်ဟံသာက ရှင်းပြပါတယ်။
ယူအန်အက်ဖ်စီအဖွဲ့ဟာ အရင်က ပေါ်ထွန်းခဲ့ဖူးတဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေလိုပဲ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013