DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်ရွာသား ၁၀၀၀ ခန့် ဖားကန့်သို့ ရောက်ရှိ
DVB
·
August 22, 2012
Donate to DVB

ကချင်ပြည်နယ်ထဲမှာ  ကချင်လွတ်မြောက်ရေးတပ်(ကေအိုင်အေ)နဲ့ အစိုးရ တပ်တွေကြား တိုက်ပွဲတွေ နေ့တိုင်းလိုဖြစ်နေတဲ့အတွက် အနီးနားက  ဒေသခံ ရွာသားတွေ ရာနဲ့ချီပြီး ဖားကန့်မြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။

ဖားကန့်မြို့ အနောက်မြောက်ဘက် မှော်မောင်းချောင်းဖျားတ၀ိုက်က မော်မောင်းကြီး၊ မှော်မောင်းနဲ့ သူဌေးကုန်း စတဲ့ရွာက ဒေသခံတွေ ၁ ထောင်နီးပါး ဖားကန့်မြို့ပေါ်ဘက်ကို ရှောင်ပြေးလာခဲ့တယ်လို့ ဖားကန့်ဒေသခံ ကိုလာဆိုင်းက ပြောပါတယ်။

“မြန်မာ့တပ်မတော်က ကင်းလှည့်တဲ့အချိန်မှာ နှစ်ဖက် တွေ့တဲ့ပုံစံဖြစ်တော့ ဟိုဘက်က  ပစ်တော့မလို ဒီဘက်ကလည်း ပစ်တော့မလို ဖြစ်တဲ့အနေအထားမှာ စိုးရိမ်ပြီး ကေအိုင်အေတွေက ဖားကန့်ကို ပြောင်းသွားဖို့အတွက် မေတ္တာရပ်ခံတဲ့ အနေအထားပေါ့။ အဲဒါကြောင့် ဖားကန့်ကို ရွှေ့ပြောင်းနေကြတာပါ။ တနင်္ဂနွေနေ့ကစပြီး ဖားကန့်ထဲကို ၀င်လာကြတာဗျ။”

သူတို့ရွာနားမှာ တိုက်ပွဲတွေ မဖြစ်သေးပေမယ့်လည်း ကေအိုင်အေ စစ်သားတွေ တည်ရှိရာ အဲဒီဒေသဘက်ကို အစိုးရတပ်တွေ ၀င်ရောက်လာမယ့် သတင်းတွေ ရထားတဲ့အတွက် ရင်ဆိုင်တိုက်ပွဲမဖြစ်ခင် ဘေးလွှတ်မယ့်နေရာ ရှောင်သွားဖို့ ကေအိုင်အိုအရာရှိတွေက ပြောထားတယ်လို့ ဆိုပါတယ်။

သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ၊ ကျောင်းသားတွေ ပါဝင်တဲ့ ဒုက္ခသည်တွေကို ဖားကန့်မြို့ မရှီကထောင်းနဲ့ ငှက်ပျောတော ရပ်ကွက်ထဲမှာရှိတဲ့ ဘုရားရှိခိုးကျောင်း ၃ ကျောင်းမှာ နေရာချထားပြီး မြို့ခံတွေ၊ တာဝန်ရှိသူတွေနဲ့ ခရစ်ယာန် အဖွဲ့အစည်းတွေကပါ စားနပ်ရိက္ခာထောက်ပံ့ ကူညီထားတယ်လို့ ဒေသခံက ပြောပါတယ်။

ဖားကန့်ဒေသ ကျောက်တူးလုပ်ကွက်ရှိရာ မှော်တွေမှာလည်း အစိုးရ အထူးတိုက်ခိုက်ရေးရဲတွေက လိုက်လံဖမ်းဆီးနေတဲ့အတွက် စားဝတ်နေရေး အခက်တွေ့နေရတယ်လို့ ကိုလာဆိုင်းက ပြောပါတယ်။

“လက်လုပ်လက်စားသမားတွေက အလုပ် လုပ်စားနေတာကို အထူးတိုက်ခိုက်ရေး ရဲတွေက တပတ်တကြိမ်သော်လည်းကောင်း၊ တလတကြိမ်သော် လည်းကောင်းသွားပြီး အဲဒီလူတွေကို ဖမ်းဆီးတာရှိတယ်။ မနေ့ အယောက် ၂၀ လောက် ဖမ်းသွားတယ်။ စက်လည်း ၂ လုံး ၃ လုံး ဖမ်းတယ်။ ဆိုင်ကယ်တွေရော ဖမ်းသွားတာရှိတယ်။ တဦးကို ၅ သောင်း၊ စက်တလုံးကို ဘယ်လောက်ပေါ့ အဲဒီလိုမျိုးနဲ့ လွှတ်ပေးတာ ရှိတယ်။”

ဖားကန့်မှာ မိုးတွင်းကာလ ဘေးအန္တရာယ်လုံခြုံရေးနဲ့ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးအတွက် ကျောက်တူးလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ သတ္တုတွင်း ၀န်ကြီးဌာနက ပြီးခဲ့တဲ့ မေလတုန်းက တားမြစ်ခဲ့ပါတယ်။
ဒါပေမယ့် အလုပ်အကိုင်ရှားပါးပြီး ဒီကျောက်တူးလုပ်ငန်းကိုပဲ အမှီပြုနေရတဲ့သူတွေအတွက် အဖမ်းအဆီးတွေကြားမှာ လုပ်ကိုင်စားသောက်နေရတဲ့အတွက် အစိုးရက တားမြစ်ချက် ထုတ်ပြန်မယ်ဆိုရင် သူတို့နေ့စဉ်ဘ၀ လုပ်ကိုင်စားသောက်ရေးအတွက်လည်း ထည့်စဉ်းစားပေးသင့်တယ်လို့ ဒေသခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013