Live
Home
မြန်မာသတင်း
အလုပ်သမားအရေး ဆောင်ရွက်သည့် အေအေစီအဖွဲ့မှ ကိုရဲမင်း အဖမ်းခံထားရ
နန်းမြနဒီ
·
October 22, 2018
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ AAC အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းကို ထိုင်းလဝကရဲတွေက အောက်တိုဘာ ၁၉ ရက်နေ့က ဖမ်းဆီးထားပြီး ဒီကနေ့ထိ ပြန်မလွှတ်သေးသလို သွားရောက်တွေ့ဆုံခွင့်လည်း မရသေးပါဘူး။ ကိုရဲမင်းဟာ ၁၉ ရက် နေ့လယ် ၁၂ နာရီက ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးဖို့ ဆမွတ်ဆာခွန်ခရိုင် လဝကရုံးကို သွားရောက်စဉ် ဘန်ကောက်လဝကရုံးချုပ်ကို ခေါ်ဆောင်ခြင်းခံခဲ့ရတာလို့ အေအေစီအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ “ဆမွတ်ဆာခွန်ရုံးက သူ့ကို ဗီဇာသက်တမ်းပေးခါနီးမှာ ရုံးချုပ်က ခေါ်တယ်ဆိုလို့ ဘန်ကောက် လဝကရုံးချုပ်ကို ခေါ်သွားတယ်။ အဲဒီမှာ သူတို့က မြန်မာနိုင်ငံ အလုပ်သမား သံအ ရာရှိ ကနေပြီးတော့ ကိုရဲမင်းဟာ မြန်မာပြည်မှာ ဘလက်လစ်စ် (နာမည်ပျက်စာရင်းဝင်) ဖြစ်နေလို့ ဖမ်းပြီးတော့ မြန်မာပြည်ကို ပြန်ပို့ဖို့ စာတစောင် ရထားတဲ့အတွက် ဖမ်းရတာလို့ ပြောပါတယ်။ အဲဒီစာကို ကျနော်တို့က ဓာတ်ပုံရိုက်ပြီး ထိုင်းရှေ့နေများကောင်စီကို ပြန်ပြကြည့်တော့ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ထုတ်ထားတဲ့ အသရေဖျက်မှုတခုနဲ့ ငြိစွန်းနေတဲ့စာ ဖြစ်တာလို့ သိရတယ်။ အမျိုးသမီးတယောက်ကို သူက ပွဲစားမလို့ ခေါ်တဲ့အပေါ် အဲဒီအမျိုးသမီးက မကျေနပ်လို့ သူ့ကို အသရေဖျက်မှုနဲ့ အရေးယူပေးဖို့ မြဝတီရဲစခန်းကို တိုင်တန်းတဲ့စာ ဖြစ်နေတယ်ခင်ဗျ။ သူ့ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ သူအလုပ်လုပ်နေတဲ့ ရတ်ထိုင်းဖောင်ဒေးရှင်းက ထိုင်းရှေ့နေကောင်စီနဲ့ လိုက်လုပ်ပေးနေပါတယ်။” မြန်မာပြည်ကဖြစ်တဲ့အမှုကို ထိုင်းအနေနဲ့ ဖမ်းဆီးပြီး စီရင်ခွင့်ရှိမရှိ လဝကရဲကို ပြန်မေးကြည့်ရာမှာ သူတို့ကတော့ တိုင်စာရထားတဲ့အတွက် ၁၂ ရက်အတွင်း ဖမ်းဆီးပေးရ မယ့်တာဝန်ရှိကြောင်း၊ အလုပ်သမား သံအရာရှိကိုသာ ဆက်သွယ်မေးမြန်းဖို့ ဖြေကြားသွား တယ်လို့ ဆိုပါတယ်။ အေအေစီအဖွဲ့မှ မြန်မာအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အဲဒီစာကို သူတို့ပို့ထားတာမဟုတ်ကြောင်း ငြင်းဆိုထားပြီး လူကိုယ်တိုင်တော့ တွေ့ဆုံမေးမြန်းလို့ မရသေးကြောင်း၊ လောလောဆယ် ကိုရဲမင်းကို ဘန်ကောက် လဝကအချုပ်ခန်းထဲ ထည့်ထားပြီး စားစရာပို့ခွင့်ရကာ လူတော့ တွေ့လို့မရသေးဘူးလို့ ဦးခိုင်ကြီးက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဗွီဘီက အလုပ်သမားသံအရာရှိကို ဆက်သွယ်မေးမြန်းရာမှာ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးက သူတို့အနေနဲ့ ဘာစာမှ ပေးပို့ထားတာမရှိဘဲ လူမှုကွန်ရက်မှာ စွပ်စွဲခံနေရလို့ လောလောဆယ် ဘန်ကောက် လဝကရုံးမှာ လာရောက်မေးမြန်းနေကြောင်း၊ ကိုရဲမင်းမှာ ဗီဇာသက်တမ်း လွန်သွားလို့ အဖမ်းခံတာပဲဖြစ်တယ်လို့ ပြောပါတယ်။ “ကျနော်တို့က စွပ်စွဲခံရတော့ အခုပဲ လဝကရုံးမှာ လာမေးကြည့်ပါတယ်ခင်ဗျ၊ သူက ဗီဇာသက်တမ်း လွန်နေလို့ ဖမ်းဆီးထားတာပါတဲ့။ သူတင်မကဘူး တခြား ဗီဇာသက်တမ်း လွန်သူတွေလည်း ဒီလိုပဲ အဖမ်းခံထားရတာရှိတယ်၊ ပြီးရင် မြန်မာပြည်ပြန်ပို့မယ်၊ အဲဒီလိုပြန်ပို့ရာမှာ ထိုင်းအစိုးရနဲ့ ကျနော်တို့ မြန်မာသံရုံး သဘောတူထားတာရှိတယ်။ ကိုယ့်ဆီက လူတွေ ပြန်ပို့ရင် မြန်မာပြည်ကို တိုက်ရိုက်မပို့ဘဲ သံရုံးကနေ ပြန်ပို့ဖို့ပေါ့။ ဘယ်တော့ပြန်ပို့မလဲ မေးတော့ သူ့မှာ ဖစ်ခ်ျပူရီက အမှုတခု ရင်ဆိုင်ထားရတာ ရှိနေသေးတယ်၊ အဲဒီအမှုကိစ္စပြီးမှ ပြန်ပို့မယ်ပြောတယ်ခင်ဗျ။” အေအေစီအဖွဲ့ဟာ ပြီးခဲ့တဲ့ဇွန်လက ဖစ်ခ်ျပူရီခရိုင် ခေါင်ယွဲ့မြို့နယ်မှာ တေးဂီတဖျော်ဖြေပွဲ လုပ်ဖို့ ရန်ပုံငွေ သွားရောက်ရှာဖွေစဉ် သူတို့နဲ့ အငြိုးအတေး ရှိခဲ့ဖူးတဲ့ ပွဲစားအပါအဝင် ထိုင်းနိုင်ငံသားတချို့နဲ့ ခိုက်ရန်ဖြစ်ပွား ထိခိုက်ဒဏ်ရာ ရခဲ့တာကြောင့် တဖက်နဲ့တဖက် အပြန်အလှန် တရားစွဲဆိုပြီး အမှုအခင်း ဖြစ်နေတာပါ။ အေအေစီအဖွဲ့ဟာ အမ်အိုယူစနစ်နဲ့ ဝင်ရောက်လာပြီး ထိုင်းမှာ ပြဿနာတက်နေတဲ့ အလုပ်သမားအရေး၊ အလိမ်ခံရတဲ့ကိစ္စတွေ ဖော်ထုတ်နေလို့ နယ်စပ်ပွဲစားတွေနဲ့ မကြာခန ပြဿနာ တက်နေပါတယ်။ ဒီလ ၁၁ ရက်နေ့ကလည်း အေအေစီက ဖွင့်လှစ်ထားတဲ့ အလုပ်သမားများ ခိုလှုံရာ နေရာတခုကို တာဝန်ရှိသူတွေက လာရောက်ပိတ်ပင်ပြီး ရေမီး အဖြတ်ခံထားရပါတယ်။ အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတချို့ကို မြန်မာသံရုံးက လာရောက်ခေါ်ယူ စောင့်ရှောက်ထားပြီး ကျန်တဲ့ ၄၀ ကျော်မှာ နယ်ကျော်စာရွက်စာတမ်း လိုအပ်ချက်ရှိနေလို့ လောလောဆယ် အေအေစီရုံးမှာပဲ ဖြစ်သလို ဆက်ပြီး ခိုလှုံနေရတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024