နာဂဒေသကို ဆန်နှင့် စားနပ်ရိက္ခာများ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သွားရောက်လှူဒါန်း

2.9K
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်းက ရာသီတုပ်ကွေး ဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အောက်တိုဘာ ၂၂ ရက်နေ့မှာ စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ရာသီတုပ်ကွေး ပြင်းထန်စွာခံစားခဲ့ရတဲ့ နန်းယွန်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၇ ရွာက အိမ်ထောင်စု ၆၃၉ စုအတွက် အိမ်ထောင်စုတစုလျှင် ဆန် နဲ့ စားနပ်ရိက္ခာတွေ စုစုပေါင်း ကျပ်သိန်း ၁၆၀ ဖိုးသွားရောက် လှူဒါန်းတာလို့ သိရပါတယ်။
အစောပိုင်းတည်းက လှူဒါန်းဖို့စီစဉ်ထားပေမယ့် ရာသီဥတုမကောင်းတဲ့အတွက် ဒီနေ့မှ သွားရောက်လှူဒါန်းတာဖြစ်ပြီး လှူဒါန်းတာတွေကို အောက်တိုဘာ ၂၄ ရက်နေ့လောက်မှာ ပြုလုပ်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်းတေးက ပြောပါတယ်။
အဲဒီဒေသမှာ ရာသီတုပ်ကွေးဖြစ်တဲ့ ရောဂါကြောင့် သြဂုတ် ၁၈ ရက်နေ့ကနေ စက်တင်ဘာ ၂၅ ရက်နေ့အထိ သေဆုံးသူ ၇ ဦးရှိခဲ့ပြီး ရောဂါလက္ခဏာတွေကတော့ ကိုယ်ပူ၊ ချောင်းဆိုး၊ နှာခေါင်းသွေးယို၊ အသက်ရှူကြပ်တာနဲ့ အချို့က ဝမ်းပျက်ဝမ်းလျောဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဟာ သွားလာရေးခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ ဒေသဖြစ်တဲ့အတွက် ကျေးရွာအုပ်စုတိုင်းမှာ ကျန်းမာရေးဌာနတွေ ထားပေးနိုင်တာ မရှိဘူးလို့လည်း သိရပါတယ်။
သတင်း - အောင်ဆန်းမြင့်