DVB Logo
Home
မြန်မာသတင်း
ကလေးငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ရန် စစ်တပ်နှင့်ကုလ ပူးပေါင်းလုပ်ဆောင်
DVB
·
August 22, 2012
ကလေးငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ရန် စစ်တပ်နှင့်ကုလ ပူးပေါင်းလုပ်ဆောင်
Donate to DVB

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ စစ်မှုထမ်းခြင်းက ကာကွယ်တားဆီးဖို့အတွက် စစ်တပ်နဲ့ ကုလသမဂ္ဂပူးပေါင်းပြီး စီမံချက်ချမှတ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

စီမံချက်ဟာ ၁၈ လ ကြာမြင့်မှာဖြစ်ပြီး စက်တင်ဘာ ၃ ရက်နေ့မှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ဖြစ်တဲ့ UNHCR၊ UNOCHA၊ UNDP၊ World Vision၊ Save the Children၊ ILO တို့ ပူးပေါင်းပြီး ကလေးသူငယ်များ စစ်မှုထမ်းခြင်း ကာကွယ်ထိန်းသိမ်းရေး ကော်မတီ UNCDFMR အကူအညီနဲ့ ဒီစီမံချက်ကို အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့က အင်းစိန်မြို့နယ် တညင်းကုန်းမှာ ရှိတဲ့ အမှတ် ၁ စစ်သားစုဆောင်းရေးတပ်မှာ ဒီစီမံချက်ရဲ့ တစိတ်တပိုင်းအဖြစ် တိုင်းစစ်ဌာနချုပ်တွေက သင်တန်းသား ၁၉ ဦးကို သင်တန်းပို့ချဖို့အတွက် သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီသင်တန်းသား စစ်တပ်အရာရှိတွေကနေပြီး ဆင့်ပွားသင်တန်းတွေ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးချုပ်ရုံးက ဗိုလ်ချုပ်တင်မောင်ဝင်း (တွဲဖက်စစ်ရေးချုပ်) က “ဒါနဲ့ပတ်သက်ပြီး ပြောပြီးလည်း ဖြစ်ပါတယ်။ သက်ဆိုင်ရာကနေတဆင့် အကြောင်းကြားတဲ့အခါ စိစစ်ပြီး မှန်ကန်တယ်ဆိုလည်း လက်ရှိလည်း တပ်မတော်တရပ်လုံးကနေ စစ်ဆေးပြီးတာ့မှ ဆောင်ရွက်ထားပြီးလည်း ဖြစ်ပါတယ်။ လက်ရှိလည်း စုဆောင်းတဲ့အခါမှာ ၁၈ နှစ်ပြည့်တဲ့သူ၊ မှတ်ပုံတင်ရှိတဲ့သူပဲ စုဆောင်းပါတယ်။ အရင်တုန်းကတော့ ကျနော်တို့ အားနည်းချက်တွေ ရှိကောင်းရှိပါမယ်။ အခုနောက်ပိုင်းမှာတော့ စည်းစနစ်နဲ့ တိတိကျကျ အမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြီးတော့ ၂၀၀၇ ကတည်းက စပြီးတော့ တောက်လျှောက်လုပ်လာတာ။ ဒီဘက်ပိုင်းမှာ ကျနော်တို့ တပ်မတော်ထဲမှာ မရှိသလောက်ပါပဲ။”

လက်ရှိမှာ မြန်မာနိုင်ငံတ၀ှမ်းက စစ်တပ်အသီးသီးမှာရှိနေတဲ့ ကလေးစစ်သား ၄၂ ယောက်ကိုလည်း စစ်တပ်က မကြာခင်မှာ နုတ်ထွက်ခွင့်ပေးမယ်လို့ ဗိုလ်ချုပ်တင်မောင်ဝင်းက ပြောပါတယ်။

“လက်ရှိမှာ စစ်ဆေးတွေ့ရှိချက်အရ ၄၂ ယောက် ကျန်တာတွေ့ပါတယ်။ ဒါကလည်း တနေရာတည်းက မဟုတ်ဘူး။ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် အဲဒါမျိုးတွေ့ရပါတယ်။ ပြန်လွှတ်ပေးဖို့ အစီအစဉ်ဆွဲနေပါတယ်။ မကြာခင်မှာ ဆောင်ရွက်မှာပါ။”

အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းကာကွယ်တားဆီးရေးကို ကုလသမဂ္ဂနဲ့ အရင် စစ်အစိုးရတို့ နှစ်ကြာရှည်စွာ ညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးမှ ၂၀၁၂ ခုနှစ် ဇွန်လမှာ လုပ်ငန်းအကောင်အထည်ဖော်နိုင်ဖို့အတွက် နေပြည်တော်မှာ သဘောတူလက်မှတ်ထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်စာရင်းဇယားတွေအရ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီကို ၂၀၀၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ကလေးစစ်သား ၆၀၀ ကျော်ကို နုတ်ထွက်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်၊ ဒီကေဘီအေ၊ ကေအိုင်အို၊ ကေအန်ယူ၊ ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်၊ အက်စ်အက်စ်အေတောင်ပိုင်းတပ်နဲ့ ၀ အမျိုးသားတပ် စတဲ့ လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ဟာ ကလေးစစ်သားတွေ အသုံးပြုနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013