Home
မြန်မာသတင်း
ကနီမြို့နယ်တွင် ပထမဆုံးအကြိမ် လူပေါင်းရာချီ စုပေါင်းသွေးလှူ
DVB
·
October 21, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ စိန်ကုန်းရွာမှာ ပထမဆုံးအကြိမ်အဖြစ် မြို့နယ်လုံးဆိုင်ရာ စုပေါင်းသွေးလှူဒါန်းပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီသွေးလှူဒါန်းပွဲကို မြတ်ပါရမီ လူမှုကူညီရေးအသင်းနဲ့ သွေးလှူရှင်အသင်းအပါအဝင် မြို့နယ်အတွင်းက လူမှုကူညီရေးအသင်းတွေလည်း ပါဝင်ခဲ့ပြီး ရဟန်းသံဃာတွေအပါအဝင် အယောက် ၃၀၀ ဝန်းကျင်က စုပေါင်းသွေးလှုဒါန်းခဲ့တာပါ။ “အသင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ လုပ်တာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အသင်းတွေ စုပေါင်းမိတယ်။ ပရဟိတလုပ်ရတာ ကုသိုလ်လည်းရတယ်။ ဒီလိုသိစေချင်တာပေါ့။ သွေးလှူတာကတော့ ဘုရားလောင်းတို့ရဲ့ ကျင်စဉ်အတိုင်း ဒါနဥပပါရမီ မြောက်တာပေါ့” လို့ ဦးဆောင်ဆရာတော် အရှင်ဇဝနကလည်း မိန့်ကြားပါတယ်။ ကင်ဆာဝေဒနာရှင်တွေ၊ မွေးလူနာတွေ၊ အရက်သောက်လို့ သွေးအန်တာ အသည်းခြောက်တဲ့ရောဂါရှိသူတွေ၊ မတော်တဆထိခိုက်ဒဏ်ရာရှိသူတွေမှာ သွေးလိုအပ်တာ များတယ်လို့ သိရပါတယ်။ “ကနီမြို့နယ်မှာ အရက်သောက်သုံးမှု အရမ်းများနေတယ်။ နောက်လူငယ်တော်တော်များများ ၈၀ ရာခိုင်နှုန်းလောက် အရက်ကို မလွတ်ကြဘူးထင်တယ်။ အရက်သောက်တယ်။ ထန်းရေသောက်တယ်ပေါ့။ ဒီဟာတွေရဲ့ နောက်ဆက်တွဲဖြစ်နေတဲ့ ဆိုင်ကယ်အက်ဆီးဒင့်တွေ၊ လူသေမှုတွေ၊ အသည်းခြောက်တာတွေ၊ သွေးအန်တာတွေ အများကြီးပဲ။ နောက်စိတ်ရောဂါတွေဖြစ်လာတယ်။ သွေးလှုမယ့်လူတွေဟာ ကိုယ်ကောစိတ်ကော ကျန်းမာနေဖို့လိုတယ်။ ဆေးလိပ်ကွယ်ယာအစရှိတာတွေကို ရှောင်ရှားဖို့လိုသလို တနိုင်ငံလုံးအတိုင်းအတာနဲ့လည်း ဒီကွမ်းယာအရက်ကို တတ်နိုင်သမျှ လျှော့ချရင် ကောင်းမယ်လို့ တိုက်တွန်းချင်ပါတယ်” လို့ ဒေါက်တာဝေမာနွယ်ကပြောပါတယ်။ ရရှိလာတဲ့ သွေးတွေကို နေ့စဉ်သွေးပုလင်း အလုံး ၁၀၀ လောက်လိုအပ်နေတဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီစုပေါင်းသွေးလှူဒါန်းပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကနီမြို့နယ်ဆရာဝန်ကြီး ဦးဆောင်တဲ့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေလည်း လာရောက်ကူညီခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024