Home
မြန်မာသတင်း
Yangon Water Bus အောင်မြင်သည့် အခြေအနေရှိနေပြီဟု ကုမ္ပဏီဥက္ကဋ္ဌ ပြော
ရန်နိုင်ဇော်ဝင်း
·
October 20, 2018
၆ လလောက်အရှုံးပေါ်နေတဲ့ Yangon Water Bus စီမံကိန်းဟာ တနှစ်ပြည့်တဲ့အခါမှာတော့ အောင်မြင်တဲ့အခြေအနေမှာရှိနေပြီးလို့ တင့်တင့်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌက ပြောပါတယ်။ Water Bus စတင်ပြေးစွဲစဉ်က အခက်အခဲတွေရှိခဲ့ပြီး အရှုံးပေါ်ခဲ့သလို ဒီလုပ်ငန်းအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ တိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ တင့်တင့်မြန်မာကုမ္ပဏီက အောက်တိုဘာ ၂ဝ ရက်နေ့က ပြုလုပ်တဲ့ Yangon Water Bus တစ်နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုလိုက်တာပါ။ တင့်တင့်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က “ကျမတို့ ရန်ကုန် water bus ကြီးဟာ တနှစ်ကြာကြာမှ တောင့်ခံနိုင်ပါ့မလား။ ရန်ကုန် water bus ကြီးဟာ အရှုံးတွေပေါ်နေပါလားလို့ လူတွေအားလုံးက ဝေဖန်ကြတယ်။ အခုချိန် တနှစ်တာ ကာလအတွင်းမှာ ကျမရဲ့ ဘဝတသက်သာ စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာမှာ တခါမှ မကြုံးဖူးတဲ့ အခက်အခဲတွေ တိုက်ခိုက်မှုတွေ အများကြီးကြုံပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ နိုင်ငံရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ ကျမရဲ့ water bus ဟာ အကြိမ်ပေါင်းများစွာ ထိုးနှက်ခံခဲ့ရပါတယ်။” လို့ ပြောပါတယ်။ ရန်ကုန် Water Bus စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ခဲ့ပြီး တင့်တင့်မြန်မာ့ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့တာပါ။ ၂ဝ၁၇ ခုနှစ်အောက်တိုဘာလ ၆ ရက်နေ့မှာတော့ Water Bus ကိုစတင်ပြေးဆွဲခဲ့ပါတယ်။ အစိုးရအနေနဲ့ ဒီစီမံကိန်းစတင်လုပ်စဉ်က တင်ဒါအောင်တဲ့ ကုမ္ပဏီအနေနဲ့ အမြတ်အစွန်း ရရှိပါ့မလားလို့လည်း စိုးရိမ်မှုတွေရှိခဲ့တယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး  ဦးမြင့်သောင်း က “ရန်ကုန်တိုင်းဒေသကြီးက ခွင့်ပြု လိုက်တယ်။ ဒါပေမယ့် ဒီလုပ်ငန်းကြီးဟာ အောင်မြင်မှာတော့ သေချာတယ်။ ဒါပေမယ့် လုပ်ငန်းလုပ်တဲ့သူဟာ အရှုံးအမြတ်ပေါ်မှာ မြတ်မှမြတ်ပါ့မလား။ အရှုံးနဲ့များ ရင်ဆိုင်ရမလားလို့ စိုးရိမ်မိတယ်။ ပထမတနှစ်မှာ တောင့်တောင့်ခံနိုင်တဲ့ အနေအထားရှိတယ်ဆိုတော့ ဒီကုမ္ပဏီကြီးကိုလည်း လေးစားဂုဏ်ပြုပါတယ်” လို့ ပြောပါတယ်။ Water Bus ကိုလက်ရှိအချိန်မှာ အစီးရေ ၁၂ စီးနဲ့ပြေးဆွဲပေးနေပြီး ရန်ကုန်မြို့ကမ်းနားက ဆိပ်ကမ်း ၉ နေရာကိုပြေးဆွဲပေးနေပါတယ်။ စတင်ပြေးဆွဲချိန်က ဗိုလ်တထောင်ဆိပ်ကမ်းကနေ အင်းစိန်းကမ်းနားအထိ ပြေးဆွဲပေးခဲ့ပြီးတော့ အခုအခါမှတော့ သန်လျင်ရေလယ်ကျောက်တန်းကို ရုံးပိတ်ရက်တွေမှာ ပြေးဆွဲပေးနေပြီး ဒလတဖက်ကမ်းကိုတော့ မနက်တကြိမ်ညနေ တကြိမ်ပြေးဆွဲပေးနေပါတယ်။ ခရီးစဉ်အသစ်တွေကိုလည်း တိုးချဲ့ ပြေးဆွဲပေးဖို့စီစဉ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024