Home
မြန်မာသတင်း
တိုက်ကြီး စားကျက်မြေအတွင်း ကျူးကျော်နေသူများကို နိုင်ငံတော်အဆင့် တိုင်ကြား
DVB
·
October 20, 2018
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သပြေတန်းကွင်း စားကျက်မြေဧရိယာ ၂၁၄ ဧကအတွင်း ကျူးကျော်နေသူတွေကို မြို့နယ်အုပ်ချူပ်ရေးက တရားစွဲဆိုခဲ့ပေမယ့် ဆက်လက်ကျူးကျော်နေတာကြောင့် ကျေးရွာပြည်သူတွေက နိုင်ငံတော်အဆင့်ကို လက်မှတ်ထိုး တိုင်ကြားထားပါတယ်။ ဦးဆောင်တိုင်ကြားသူ ဦးအေးစောထွန်းက "၂ဝ၁၈ ခုနှစ် ၅ လပိုင်းကစပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို စာတင်ပြီးတိုင်တယ်။ အုပ်ချုပ်ရေးပိုင်းကတော့ စာထုတ်ပြီး တားတာတွေ၊ အရေးယူဆောင်ရွက်တာတွေ လုပ်ပေးပါတယ်။ တရားစွဲတယ် တရားရုံးမှာ ဒဏ်ငွေ ၂ဝဝ ဆောင်ပြီး တနေ့တည်းနဲ့ပြီးသွားတယ်။ ပြီးတော့ စားကျက်ထဲ ပြန်လုပ်နေတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတအပါအဝင် ၀န်ကြီးဌာန ၅ ခုကို ကျေးရွာပြည်သူတွေ လက်မှတ်ထိုးပြီးတိုင်ထားပါတယ်" လို့ ပြောပါတယ်။ တောင်သူ ဦးစိုးဝင်းက "အခုစားကျက်ထဲကို လူတွေက ဝင်ကျူးနေတယ်။ ကျူးနေတာတင်မကဘူး ကျွဲ /နွားတွေ စားတဲ့မြက်တွေကို ပိုးသတ်ဆေးတွေပါ ဖြန်းထားတယ်။ တိရစ္ဆာန်တွေ စားရင်သေကုန်မှာလေ။ ကျနော်တို့ ကျွဲ/နွားတွေအတွက် လွှတ်ကြောင်းဖို့နေရာ မရှိတော့ဘူး။ စားကျက်ကကုန်နေပြီ။ နှစ်စဉ်ရေကြီးလို့ ဒီစားကျက်ထဲမှာ တိရစ္ဆာန်နဲ့လူတွေပြောင်းနေကြရတယ်။ စားကျက်မရှိတဲ့အတွက် တိရစ္ဆာန်တွေ အစားအသောက်အခက်အခဲဖြစ်သလို့ ကျနော်တို့ တောင်သူတွေလည်း လယ်လုပ်ဖို့ အခက်အခဲတွေဖြစ်နေပါတယ်" လို့ပြောပါတယ်။ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးအရာရှိ ဦးအောင်ကျော်က "ပထမတခါတိုင်တော့ ကျနော်တို့အုပ်ချုပ်ရေးပိုင်းက တားစာထုက်တယ်၊ တရားစွဲတယ်။ တရားစွဲတဲ့နေရာမှာ အောက်မြန်မာနိုင်ငံ ဥပဒေ (၆၉) အရ တရားရုံးမှာ ဒဏ်ငွေ ၂ဝဝ ကျပ်နဲ့ပြီးသွားတော့ ကျူးတဲ့သူတွေက ဆက်လုပ်နေတယ်။ တိုက်ကြီးမြို့နယ်မှာ စားကျက်မြေ ၁ သောင်းကျော်ရှိတယ်။ ၃ဝဝဝ ကျော်က ပယ်ဖျက်ပြီးသား၊ ၉ဝဝဝ ကျော်ကျန်တဲ့အထဲမှာ ၃၀၀၀ ကျော်လောက်က ကျူးကျော်ခံထားရတယ်။ ဒေသန္တရအမိန်ဖြစ်တဲ့ ပုဒ်မ (၁၈၈) ထုတ်ပြန်တရားစွဲနိုင်အောင်လို့ ခရိုင်ကို စာတင်တောင်းဆိုထားပါတယ်" လို့ ပြောပါတယ်။ တောင်ရပ်ဇီးကုန်းကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၁၈ ရွာရှိပြီး ကွင်းအမှတ် (၇၁၃)၊ သပြေတန်းကွင်း စားကျက်မြေဧရိယာ ၂၁၄ ဧကရှိပြီး ဝါးပိုးစုကျေးရွာ၊ သရက်တောကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ထုံးစုကျေးရွာ၊ ဆယ်ရွာကျေးရွာနဲ့ မင်းမကုန်းကျေးရွာတွေက တောင်သူတွေနဲ့ ကျွဲ/နွား အကောင် ၄ဝဝ ကျော်တို့ မှီခိုနေတာပါ။ ၂ဝ၁၃ ခုနှစ်ကစတင်ပြီး စားကျတ်မြေအတွင်းကျူးကျော်ပြီး နေအိမ်ဆောက်လုပ်နေထိုင်းတာနဲ့ လယ်ယာမြေတွေ လုပ်ကိုင်နေတာကြောင့် တိရစ္ဆာန်တွေ စားကျတ်ပျောက်ပြီး တောင်သူတွေ လယ်ယာလုပ်ကိုင်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေတာပါ။ လက်ရှိမှာ ကျူးကျော် စုစုပေါင်း ၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024