Home
မြန်မာသတင်း
ဖားကန့်တွင် အနှိပ်ခန်းပိုင်ရှင်ကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား
DVB
·
October 20, 2018
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာမှာ အနှိပ်ခန်းလုပ်ငန်း လုပ်ကိုင်သူ ဒေါ်သိန်းအား အမည်မသိလူတဦးက သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ရဲက ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အနှိပ်ခန်းပိုင်ရျင် ဒေါ်သိန်းဟာ ချက်အထက်ဝမ်းဗိုက်ကို သေနတ်ထိမှန်ခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ “ဒီမနက်က ဖြစ်တာပါ။ ချက်အထက် ဝမ်ဗိုက်ကို သေနတ်တချက် ထိမှန်တာပါ။ ဖားကန့်ဆေးရုံမှာ တင်ထားပါတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး" လို့ ဖားကန့်မြို့နယ် ရဲမှူးကြီးက ပြောပါတယ်။ အနှိပ်ခန်းအတွင်း ဝင်ရောက်အနှိပ်ခံရာမှ စတင်ဖြစ်ပွားခဲ့တာလို့ အမည်မဖော်လို့တဲ့ မျက်မြင်တဦးက ပြောပါတယ်။ “အနှိပ်ခန်းထဲမှာ အနှိပ်ခံတုန်း ကောင်မလေးနဲ့ အဆင်မပြေဖြစ်ရာကနေ စဖြစ်တာလို့ပြောတယ်ဗျ။ သေနတ်သံကြားလို့ ကျနော်တို့ရောက်သွားတော့ ဒေါ်သိန်းက သေနတ်မှန်ထားပြီ။ လူတွေ ဝိုင်းလိုက်မယ်လုပ်တော့ သေနတ်နဲ့ တချက် ပြန်ပစ်တယ်ဗျ။ ကျနော်တို့ဘယ်သူမှ မကပ်ရဲတော့ဘူး။" ဖားကန့်မြို့နယ်အတွင်း အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ၈ နှစ်အတွင်း သေဆုံးသူ ၁၀ ဦးလောက် ရှိပြီး ဒဏ်ရာရရှိသူ သုံးဦးရှိပါတယ်။ အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရရှိမှုတွေနဲ့ ပတ်သက်ပြီး တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။   ဇော်မိုးထက် ( ဖားကန့် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024