A d v e r t i s e m e n t With Us

ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် ကြေးသွန်းရုပ်တု စိုက်​ထူ

မြန်​မာနိုင်​ငံ ပထမဆုံးသမ္မတဖြစ်​တဲ့ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ ကြေးသွန်းရုပ်တုကို ညောင်ရွှေမြို့ ​စော်​ဘွားဂူဗိမာန်​အနီးမှာ အောက်တိုဘာ ၁၉ ရက်နေ့က စိုက်​ထူခဲ့ပါတယ်​။ ​စော်​ဘွားကြီး စဝ်​​ရွှေသိုက်​ဟာ မြန်​မာနိုင်​ငံ လွတ်​လပ်​​ရေးရရှိဖို့ ပါဝင်​ကြိုးစားခဲ့သလို ဖက်​ဒရယ်​ ဒီမိုက​ရေစီစနစ်​ကို ဦး​ဆောင်​လမ်းပြသူလည်း ဖြစ်​တယ်​လို့ ​ညောင်​​ရွှေမြို့နယ်​ ပြည်​သူ့လွှတ်​​တော်ကိုယ်​စားလှယ်​ ဦးနေမျိုးက ပြောပါတယ်။ ​ညောင်​​ရွှေ​စော်​ဘွားကြီး စဝ်​​ရွှေသိုက်​ရုပ်တု စိုက်​ထူတာဟာ ပ​ဒေသရာဇ်​စနစ်​ကို အား​ပေးအား​မြှောက်​တာ မဟုတ်​ဘဲ မြန်​မာနိုင်​ငံ ပထမဆုံးသမ္မတဂုဏ်​ကို ပုံ​ဖော်​တာလို့ ညောင်​​ရွှေမြို့နယ်​ မဲဆန္ဒနယ်​ အမှတ်​ ၁ လွှတ်​​တော်ကိုယ်​စားလှယ်​ ဦးခင်မောင်ဝင်းက ဆိုပါတယ်။ “စဝ်​​ရွှေသိုက်​ဟာ မြန်​မာနိုင်​ငံ ပထမဆုံးသမ္မတဖြစ်​ခဲ့သလို ညောင်​​ရွှေမြို့အတွက် ကျေးဇူးရှင်​လည်း ဖြစ်​ခဲ့တဲ့အတွက်​ ရုပ်​တုစိုက်ထူတာကို အစိုးရအ​နေနဲ့ ခွင့်ပြုသလို စဝ်​​ရွှေသိုက်​ နိုင်​ငံ​တော်​အ​ပေါ် ထားရှိတဲ့ ​စေတနာ​တွေ၊ လုပ်​​ဆောင်​ချက်​​တွေ ​နောင်​လာ​နောက်​သား​တွေ သိရှိဖို့ လိုတယ်​” လို့ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်​ကြီး ​ဒေါက်​တာ​အောင်​သန်း​မောင်​က ​ပြောပါတယ်​။ ကြေးသွန်းရုပ်တု အေ​လးချိန် ​ကြေး ၃၀၀ ပိဿာရှိပြီး အရှည်​ ​၆ ​ပေ ၂ လက်မ၊ တန်​ဖိုး သိန်း ၆၀ ရှိ​ကြောင်း၊ ညောင်ရွှေမြို့​ ကျောက်​တိုင်​ကွင်းအ​ရှေ့ စော်ဘွားကြီးအုတ်ဂူအနီးမှာ စိုက်ထူထား​မှာ ဖြစ်ပါတယ်​။ ​စော်​ဘွား​ကြေးရုပ်တုကို တဦးတယောက် အလှူငွေနဲ့ လုပ်​​ထားတာမဟုတ်​ဘဲ ​နေရာကျယ်​ကျယ်​ပြန့်​ပြန့်​ အလှူခံပြီး ​ဆောက်​လုပ်​တာလို့ သိရပါတယ်​။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ကို ၁၈၉၆ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၂၇ ခုနှစ်မှာ ညောင်ရွှေစော်ဘွားအဖြစ် ဟော်နန်းတက်ခဲ့ကာ လွတ်လပ်ရေးရပြီး​နောက်​ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ ဖြစ်လာခဲ့​ပြီး ၁၉၆၂ ခုနှစ်မှာ ကွယ်​လွန်​​ခဲ့တယ်လို့ သိရပါတယ်​။ သတင်း၊ ဓာတ်ပုံ - ခွန်ရာဇာ

A d v e r t i s e m e n t With Us

More News
Up