ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်နိုင်ဟု မိုးဇလထုတ်ပြန်
DVB
·
October 19, 2018
အောက်တိုဘာတတိယ ဆယ်ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် ဖြစ်လာနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ တတိယ ၁၀ ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်မှာ ဖော်ပြလိုက်တာဖြစ်ပြီး ပြည်နယ်တိုင်းအနှံ့ မိုးရွာနိုင်ပါသေးတယ်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုပြီး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် ရွာသွန်းနိုင်တယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေ၀သသတင်းမှာ ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၄) ရက်ကနေ (၅) ရက်ခန့်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ (၂) ရက်ကနေ (၃) ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
အောက်တိုဘာ တတိယဆယ်ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နဲ့ သပိတ်ကျင်းမြို့ တို့မှာ ၂-ပေ ကနေ ၄-ပေခန့် ရေကျနိုင်တယ်။
မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့နဲ့ ချောက်မြို့တို့မှာ ၁-ပေ ကနေ ၃-ပေခန့်၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၃-ပေကနေ ၅-ပေခန့် ရေတက်လာနိုင်တယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့တို့မှာ ၁-ပေ ကနေ ၃-ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၃-ပေ ကနေ ၅-ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်တယ်လို့လည်း မိုးလေ၀သဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။