မီးဘေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ထိန်းချုပ်ကွပ်ကဲရေးစင်တာ ပုသိမ်တွင် ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီးတခုလုံးအတွက် မီးဘေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာအတွက် ထိန်းချုပ်ကွပ်ကဲရေးစင်တာ (Command And Control Centre) C3 ကို ပုသိမ်မြို့မှာ တည်ဆောက်ထားပြီး မီးဘေးလုံခြုံရေးအတွက် စောင့်ကြည့်ကွပ်ကဲနေတယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၆) မြို့နယ်က မီးသတ်ကားတွေမှာ 3G/4G စနစ်သုံး Camera ၁ လုံးစီနဲ့ (GPS) တခုစီ တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ ပုသိမ်မြို့ပေါ် မီးဘေးစောင့်ကြည့်ရေးအတွက် Camera အကြီး ၁ လုံး၊ Camera အသေး ၄ လုံး၊ စုစုပေါင်း ၅ လုံးနဲ့ အထပ်မြင့် အဆောက်အဦတခုပေါ်ကနေ ၂၄ နာရီမပြတ် စောင့်ကြည့်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုးက ပြောပါတယ်။ မီးသတ်ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကတဆင့် မီးလောင်မှုတွေနဲ့ သဘာဝဘေးဆိုင်ရာ ကိစ္စတွေကို တိုက်ရိုက်ကြည့်ရှုကွပ်ကဲနိုင်မှာဖြစ်ပြီး ပုသိမ်မြို့မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကနေတဆင့် နေ့ဘက်မှာ ပုသိမ်မြို့ရဲ့ ၅ မိုင်ပတ်လည်ကို colour နဲ့ တိုက်ရိုက် အနီးကပ်ဆွဲယူကြည့်ရှုပြီး ညဘက်မှာတော့ ၂ မိုင်ပတ်လည်ကို black & white အဖြူအမဲ ပုံစံနဲ့ ၂၄ နာရီစောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ပထမဆုံး (Command And Control Centre) C3 ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှာ တနိုင်ငံလုံး ကွပ်ကဲဖို့ Centre တခုရှိပြီး တိုင်းဒေသကြီး အစိုးရဘတ်ဂျက်နဲ့ ဆောင်ရွက်ထားတဲ့ ပုသိမ်မြို့မှာရှိတဲ့ C3 ကတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းကွပ်ကဲဖို့ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ဒုတိယမြောက် Command And Control Centre ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up