Home
မြန်မာသတင်း
တရားမဝင် စပါးတင်ပို့မှုများ တားဆီး၊ စပါးတင်ကား ၁၇ စီးကို ဖမ်းဆီး
နေဖြိုးဝင်း
·
October 19, 2018
တရားမဝင်လမ်းကြောင်းတွေက စပါးတင်ပို့နေတာကို တားဆီးရေး လုပ်ဆောင်နေပြီး ဖမ်းဆီးမှုတွေ စတင်ပြုလုပ်နေတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့က ပြုလုပ်တဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဧပြီလကနေ စက်တင်ဘာထိ ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်တွေ ရှင်းလင်းပွဲမှာ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောလိုက်တာပါ။ "အဲတော့ စပါးတင်ပို့နေတာက တရားမဝင် လမ်းကြောင်းတွေကနေပြီးတော့ တင်ပို့နေခြင်း ဖြစ်ပါတယ်။ အဲလို တရားမဝင်လမ်းကြောင်းတွေက တင်ပို့နေတဲ့အတွက်ကိုလည်း သက်ဆိုင်တဲ့ ရှမ်းပြည်နယ်အစိုးရရော၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရော၊ ပြည်ထဲရေးဝန်ကြီးဌာနရော တရားဝင်အသိပေးပြီး သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီးတွေကိုပါ အသိပေးပြီး တရားမဝင်လမ်းကြောင်းက ထွက်နေတဲ့စပါးကို တားဆီးပေးဖို့ ညှိနှိုင်းနေပါတယ်။ ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနတွေကလည်း ဆက်ပြီးတော့ ဆောင်ရွက်နေတယ်" လို့ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောပါတယ်။ တရုတ်နိုင်ငံသားတွေ မြန်မာဘက်ကို တရားမဝင် စပါးဆင်းဝယ်တာ၊ မဝယ်တာ သက်သေမပြနိုင်ပေမယ့် တရားမဝင် စပါးထွက်နေတာတွေကို တားပေးပါဆိုတဲ့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်တဲ့ ပြည်နယ် တိုင်းအစိုးရတွေ၊ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ ပူးပေါင်းပြီး တားဆီးရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက နမ့်ခမ်းမြို့အဝင်မှာ စပါးတင်လာတဲ့ ၆ ဘီးကား ၁၇ စီး ဖမ်းဆီးရမိထားတယ်လို့လည်း ပြောပါတယ်။ "တပ်နဲ့ နန့်ဖက်ကာ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးတဲ့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေဟာ နမ့်ခမ်းအဝင်မှာ စပါးတင်လာတဲ့ ၆ ဘီးယာဉ် ၁၇ စီး ဖမ်းဆီးရမိတယ်တဲ့။ ဒါ ကျနော်တို့က သက်ဆိုင်ရာဌာနတွေနဲ့ရော၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရရော အားလုံးပေါင်းလုပ်တဲ့ကိစ္စပါ။ ဌာနအားလုံးကနေပြီး တပ်မတော်ရော၊ ရဲရော၊ ဌာနဆိုင်ရာတွေရော ပူးပေါင်းအဖွဲ့ကနေပြီး လမ်းမှာ ဖမ်းမိတဲ့ဖြစ်စဉ်ပါ။ ဒါ ဒီနေ့ အခုပဲ ဝင်လာတာပါ။ ဒီနေ့မနက်မှ သိရတဲ့ သတင်းဖြစ်ပါတယ်။ ကား ၁၇ စီး ရလိုက်ပါတယ်။ တန်ချိန်တော့မသိဘူး။ ကား ၁၇ စီး ဖမ်းမိတယ်" လို့ ဆိုပါတယ်။ ဒါအပြင် မြန်မာနိုင်ငံဘက်က ဆန်နဲ့ ပြောင်း ကိုတာ (Quota) ပိုပြီးတော့ ရရှိနိုင်ရေး ဆောင်ရွက်ပေးဖို့ တရုတ်နိုင်ငံ သံရုံးကို တရားဝင် ညှိနှိုင်းထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024