DVB Logo
Home
မြန်မာသတင်း
ကရင်နီနှင့်မွန်လက်နက်ကိုင်အဖွဲ့ ကလေးငယ်များ ကာကွယ်ရေးဆိုင်ရာ လက်မှတ်ရေးထိုး
DVB
·
August 21, 2012
ကရင်နီနှင့်မွန်လက်နက်ကိုင်အဖွဲ့ ကလေးငယ်များ ကာကွယ်ရေးဆိုင်ရာ လက်မှတ်ရေးထိုး
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့  ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ မွန်ပြည်သစ် ပါတီတို့ဟာ ကလေးစစ်သား အသုံးမပြုရေး အပါအ၀င်  လက်နက်ကိုင် ပဋိပက္ခတွင်းမှာ ကလေးတွေကို အကာအကွယ်ပေးရေး ဆိုင်ရာ သဘောတူညီချက် တရပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာ လက်မှတ်ရေး ထိုးလိုက်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ မွန်ပြည်သစ်ပါတီတို့က ကိုယ်စားလှယ်တွေဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ကို သွားရောက်ပြီး   လက်နက်ကိုင် ပဋိပက္ခ ဒဏ်ခံနေရတဲ့ ကလေးသူငယ်တွေကို ကာကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်ကို Geneva Call အဖွဲ့နဲ့ လက်မှတ်ရေးထိုးခဲ့တာပါ။

Geneva Call  အဖွဲ့ဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးရေးနဲ့ မြေမြှုပ်မိုင်း အသုံးပြုမှု တားဆီးရေးလုပ်ငန်းတွေကို အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပြီး  အဖွဲ့ဥက္ကဋ္ဌ အဲလ်လီဇဘက် ဒီရေ ၀ါနာ (Elisabeth Decrey Warner) နဲ့  မြန်မာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ခုက ကိုယ်စားလှယ်တွေ အကြား သြဂုတ် ၂ ရက်နေ့မှာ လက်မှတ် ရေးထိုးခဲ့တာပါ။

သဘောတူ စာချုပ်မှာ စာသင်ကျောင်း ဒါမှမဟုတ် ကလေးတွေ အဓိကအသုံးပြုနေတဲ့ နေရာ ပရ၀ုဏ်တွေကို စစ်ရေးအရ အသုံးပြုခြင်းမှရှောင်ကြဉ်ဖို့၊ စစ်ပွဲနဲ့စစ်ဆင်ရေးတွေမှာ  ကလေးများ အန္တရာယ်မဖြစ်စေအောင် ရှောင်ရှားဖို့ စတဲ့ အချက် ၁၆ ချက် ပါဝင်တယ်လို့ ကရင်နီလက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်အဖြစ် ဂျနီဗာမှာ သွားရောက် လက်မှတ်ရေးထိုးခဲ့တဲ့  ကေအန်ပီပီ အတွင်းရေးမှူး ၁ ခူးဦးရယ်က ပြောပါတယ်။

“ကလေးတွေကို စစ်သားအဖြစ် သွတ်သွင်းတာမျိုး မလုပ်ရဘူးဆိုတာလည်း တချက်ပါတယ်။ အချက်တွေတော့ အများကြီးပေါ့။ လက်မှတ်ရေးထိုးတဲ့ အချက်တွေက ၁၆ ချက်ပေါ့။ ၁၆ ချက်မှာ action plan တွေလည်းပါတယ်။ ကလေးသူငယ်တွေကို သူတို့ရဲ့လိုအပ်မှုတွေကို ဘယ်လိုပံ့ပိုးပြီး ဆောင်ရွက်ပေးရမလဲ၊ နောက် သူတို့ကို ဘယ်လို အစီအစဉ်တွေချမှတ်ပြီး ဘ၀လုံခြုံမှုရှိအောင် ဘာတွေ တာဝန်ယူဆောင်ရွက်ပေးရမလဲ၊ စသည်အားဖြင့် ဘ၀လုံခြုံတယ်ဆိုတာကို ကျနော်တို့က အာမခံပေးနိုင်ရမယ်။ ဥပမာ အကြောင်းတစုံတရာကြောင့် ကလေးသူငယ်တွေကို ဖမ်းဆီးထိန်းသိမ်းတယ် ဆိုရင်တောင် ကလေးနဲ့အညီ ပြုမှုဆက်ဆံရမယ် ဆိုတာမျိုးတွေ၊ နောက် ရန်သူဘက်က ကလေးစစ်သားတွေပါတယ်။ ကလေးစစ်သားတွေကို ဖမ်းဆီးရတယ်ဆိုရင် သူတို့ကိုဘယ်လို ပြုမှုဆက်ဆံရမယ်ဆိုတာလည်း ပါတယ်။”

မွန်ပြည်သစ်ပါတီကတော့ သဘောတူ လက်မှတ်မရေးထိုးခင် ပြီးခဲ့တဲ့နှစ်ကတည်းက မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေနဲ့ Geneva Call အဖွဲ့တို့  အလုပ်ရုံဆွေးနွေးပွဲတွေ  ကြိုတင်ပြုလုပ်ခဲ့ကြပြီး လက်မှတ်ရေးထိုးပြီး နောက်မှာလည်း  သဘောတူညီချက်တွေကို လိုက်နာ အကောင်အထည် ဖော်နိုင်အောင် အောက်ခြေ အထိ ရှင်းပြမှုတွေ လုပ်နေပြီလို့ မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က ပြောပါတယ်။

“ဒီကိစ္စက ကျနော်တို့အတွက်တော့ လုပ်လည်း လုပ်နိုင်တယ်။ လိုက်လည်း လိုက်နာနိုင်တယ်။ ဂျနီဗာကော အဖွဲ့က လက်မှတ်ထိုးနိုင် မနိုင် ဆောင်ရွက်နိုင် မနိုင်ဆိုတော့ ကျနော်တို့က ဆောင်ရွက်နိုင်တယ် ဆိုပြီး လက်မှတ်ထိုးပေးတယ်။ ကိုယ့်တပ်မှူး တပ်သားတွေ လိုက်နာနိုင်အောင် အရင်ဆုံး အဲဒီစာကို ဘာသာပြန်ပြီး သူတို့ကို အရင်ပေးထားတယ်။ ရွာသားတွေလည်း နားလည်အောင် ပြန်ရှင်းပြရမယ်။ အဲဒီ နည်းလမ်းကို အခု လုပ်နေတယ်လေ။”

မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာပါ   ကလေးစစ်သား အသုံးပြုမှု ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တွေရဲ့ နှစ်စဉ် ထုတ်ပြန်တဲ့အစီအရင်ခံစာတွေမှာ ဖော်ပြလေ့ရှိတာ ဖြစ်ပါတယ်။

အခုလို မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ရဲ့ လက်မှတ်ရေးထိုးမှုနဲ့ ပတ်သက်ပြီး Geneva Call အဖွဲ့ဥက္ကဋ္ဌ အဲလ်လီဇဘက် ဒီရေ ၀ါနာ (Elisabeth Decrey Warner) ကတော့ ပဋိပက္ခ တလျှောက်  ကလေးငယ်တွေဟာ စစ်ပွဲအတွက် အလွန်ကြီးလေးစွာ ပေးဆပ်ခဲ့ရတယ်။  ဒီလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ ကလေးသူငယ်တွေ အရေးကို သူတို့ရဲ့ ဦးစားပေးကိစ္စအဖြစ် ထားဖို့နဲ့ ကလေးငယ်တွေကို ပိုကောင်းတဲ့ဘ၀ အခြေအနေမှာ နေခွင့်ပေးဖို့ ဖြစ်တဲ့အတွက် ချီးကျူးသင့်တယ်။ ဒါဟာ တခြား လက်နက်ကိုင်အဖွဲ့တွေ အတွက် အလွန်ကောင်းတဲ့ နမူနာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
ကရင်နီနဲ့ မွန်လက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာလက်နက်ကိုင်အဖွဲ့ တွေထဲမှာ   ကလေးသူငယ်တွေကို ကာကွယ်ပေးရေး ဆိုင်ရာ စာချုပ်ကို   ပထမဆုံး လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေဖြစ်တယ်လို့လည်း Geneva Call အဖွဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013