ဂျက်လေယာဉ်ပိုင်သည့် ထိုင်းဘုန်းကြီးအား သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၆ နှစ် ထပ်ချ

ဂျက်လေယာဉ်ပိုင်ဆိုင်ပြီး ပြစ်မှုပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ နာမည်ကြီး ထိုင်းဘုန်းကြီးကို သက်ငယ်မုဒိမ်းမှုနဲ့ ထောင်ဒဏ် ၁၆ နှစ် ထပ်မံကျခံစေဖို့ ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရုံးက အောက်တိုဘာ ၁၇ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ဝီရပိုလ် ဆွတ်ခ်ဖိုးလ် အမည်ရတဲ့ အဲဒီဘုန်းကြီးကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးတခုကနေ နိုင်ငံတွင်း ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက်မှာ ထောင်ဒဏ် ၁၁၄ နှစ်အထိ ကျခံစေဖို့ ကနဦးပြစ်ဒဏ် ချမှတ်ခဲ့တာပါ။ ဝီရပိုလ်ဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးတဦးကို မိဘတွေဆီကနေ ဖခင်သဖွယ် စောင့်ရှောက်ဖို့ဆိုပြီး ခေါ်ဆောင်လာခဲ့ပြီးနောက် အချိန် ၂ နှစ်နီးပါး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်မှုတွေ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလကနေ ၂၀၀၁ ခုနှစ် နှစ်လယ်ပိုင်းအထိ ဖြစ်ခဲ့ပြီး အဲဒီအချိန်တုန်းက မိန်းကလေးရဲ့အသက်ဟာ ၁၄ နှစ်အရွယ်သာ ရှိသေးတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဝီရပိုလ် ဆွတ်ခ်ဖိုးလ်ဟာ ၂ဝ၁၃ ခုနှစ်က ကိုယ်ပိုင်ဂျက်လေယာဉ်စီးကာ တန်ဖိုးကြီးမားတဲ့ နာမည်ကြီး လက်ကိုင်အိတ်တွေ၊ နေကာမျက်မှန်တွေ ကိုင်ဆောင်သုံးစွဲတာ၊ ဇိမ်ခံကားပေါင်း မြောက်မြားစွာနဲ့ မြေအမြောက်အမြား ပိုင်ဆိုင်မှုတွေကြောင့် နာမည်ပျက်နဲ့ ကျော်ကြားခဲ့တာပါ။ ဒါ့အပြင် အရွယ်မရောက်သေးတဲ့ အဲဒီမိန်းကလေးငယ်ကို ပြန်ပေးဆွဲပြီး လိင်ဆက်ဆံခဲ့တဲ့အတွက် သံဃာအဖြစ်ကနေ လူဝတ်လဲခံခဲ့ရပြီးနောက် အမေရိကန်နိုင်ငံကို ထွက်ပြေးသွားခဲ့တာပါ။ အဲဒီနောက် ထိုင်းအစိုးရက သူ့ကို အရွယ်မရောက်သေးတဲ့ ကလေးသူငယ် မဖွယ်မရာပြုကျင့်မှု၊ ကလေးပြန်ပေးဆွဲမှု၊ ငွေကြေးခဝါချမှု၊ ကွန်ပျူတာအင်တာနက် အလွဲသုံးစားမှု စတဲ့အမှုတွေနဲ့ စွဲချက်တင်ထားခဲ့ပြီး ဖမ်းဝရမ်းထုတ်ထားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကို အမေရိကန်အာဏာပိုင်တွေက ဖမ်းမိခဲ့ပြီး ထိုင်းနိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ သူ့မှာ တန်ဖိုးကြီး Porsche ကား အပါအဝင် ကား ၁၀ စီးလောက် ရှိနေခဲ့ပြီး သူပိုင်ဆိုင်တဲ့ ငွေကြေးတန်ဖိုး ဘတ်ငွေ ၄၃ သန်းကိုလည်း သိမ်းယူခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ တရားရုံးရဲ့ ပြစ်ဒဏ်ချမှတ်မှုမှာတော့ မိဘတွေနဲ့ ခွဲထားခဲ့ပြီး ပြန်ပေးဆွဲမှုနဲ့ ပြစ်ဒဏ် ၈ နှစ်၊ လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုအတွက် ပြစ်ဒဏ် ၈ နှစ်စီ၊ စုစုပေါင်း ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up