အလျား ၆ ပေအရှည်ရှိ ငါးကြီးတကောင်ကို ဧရာဝတီမြစ်အတွင်းဖမ်းမိ
DVB
·
October 18, 2018
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ ဧရာဝတီမြစ်ထဲကနေ ၆ ပေ အရှည်၊ လုံးပတ် ၃ ပေ ၇ လက်မရှိ ငါးငိုက် အမည်ရှိ ငါးကြီးတကောင်ကို ရေလုပ်သားတစ်ဦးက ပိုက်ကွန်ပစ်ရင်း အောက်တိုဘာ ၁၇ ရက် ညနေ ၆ နာရီခွဲလောက်က ဖမ်းမိခဲ့ပါတယ်။
ဖမ်းမိတဲ့ ငါးငိုက်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့တိုင်ပင်ပြီး ရွှေဆိုင်းကပ်ပေးကာ ဧရာဝတီမြစ်အတွင်း ပြန်လွှတ်ပေးခဲ့တယ်လို့ ရပ်ကွက်အုပ်ရေးမှူးက ပြောပါတယ်။
ချောက်မြို့ အမှတ် (၅) အုပ်ချုပ်ရေးမှူး ဦးကျော်တင့်က “ရေလုပ်သားဦးအောင်မြိုင်က ပိုက်ကွန်ပစ်ရင် မိလာတာ ရေလမ်းကြောင်းလွဲင်လာတဲ့ပုံဘဲ မိစဉ်အချိန်ကလည်း မရုန်းဘူး။ ငြိမ်လိုက်လာတယ်။ အဲဒါနဲ့ ရွှေရည်ငွေရည်လောင်းပြီး ပြန်လွှတ်ဖို့ စီစဉ်လိုက်တယ်။ ထူးဆန်း တာ သုံးဘီးနဲ့တင်ပြီး ရေဆိပ်ကို ပြန်လွှတ်တော့ သူက ခေါင်းပြန်လှည့်လာပြီး သုံးကြိမ် လွှတ်ပေးတဲ့ အဖွဲ့တွေကို ဦးခိုက်သွားတယ်” လို့ ပြောပါတယ်။
အဆိုပါ ငါးကြီးကို မနေ့ည ၈ နာရီခွဲလောက်မှာ ဧရာဝတီမြစ်အတွင်းသို့ အန္တရာယ် ကင်းရှင်းစွာ ပြန်လွှတ်ပေးနိုင်ခဲ့ပါတယ်။
သတင်း - ကိုလင်း(ချောက်)