နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် မူဝါဒရေးရာ စဉ်းစားစရာများ (၆)

မြန်မာအစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးတွေ ရုတ်ချည်း ဖြစ်ပေါ်လာခဲ့တာဟာ ပြည်တွင်းနိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေရဲ့ လိုအပ်ချက်ကြောင့်လား၊ ဒါမှမဟုတ် ဒေသတွင်း ပထ၀ီနိုင်ငံရေးနဲ့ စီးပွားရေးမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ နောက်ကျကျန်ရစ်မှုက လက်ရှိခေါင်းဆောင်တွေကို ပြုပြင်ပြောင်းလဲရေးလုပ်မှ ဖြစ်တော့မယ်လို့ ယုံကြည်လာစေခဲ့လို့လား ဆိုတဲ့ အချက်ဟာ လေ့လာဆင်ခြင်စရာ ကောင်းပါတယ်။ ဖြစ်နိုင်ခြေအရှိဆုံးက ထိုအချင်းအရာ နှစ်ရပ်စလုံးက မြန်မာ့အပြောင်းအလဲမှာ အဓိကကျပြီး အပြန်အလှန်အားပြုထားတဲ့ အနေအထား ရှိပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာအပြောင်းအလဲတွေကို လေ့လာသုံးသပ်ကြတဲ့နေရာမှာ ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုကိုသာ ဗဟိုချက်ထားတဲ့ (Inward Looking)နဲ့ ကြည့်မြင်မှု များနေပြီး ဒေသတွင်း ပထ၀ီနိုင်ငံရေးနဲ့ စီးပွားရေးအပြောင်းအလဲတွေက မြန်မာနိုင်ငံအပေါ် ဘယ်လောက်ရိုက်ခက်မှုရှိလို့ ဒီလိုအပြောင်းအလဲတွေလုပ်ဖို့ လိုအပ်လာသလဲဆိုတဲ့ (Outward Looking) နဲ့ ကြည့်မြင်မှု အားနည်းနေတာ တွေ့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ဒုတိယကြည့်မြင်မှုကို အလေးပေး ဖော်ပြချင်ပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာကြည့်တဲ့အခါ စီးပွားရေး တိုးတက်မှုပိုင်းကို ဇောင်းပေးပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာ တွေ့ရသလို လတ်တလော စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာလည်း ရှေ့လာမည့် ၃ နှစ်အတွင်း ပေါ်ပေါက်လာတော့မယ့် အာဆီယံစီးပွားရေး အသိုင်းအ၀န်း (ASEAN Economic Community) အတွက် အဖွဲ့ဝင်နိုင်ငံတွေ အတွင်း အလွန်အမင်း နောက်ကျနေတဲ့ မြန်မာ့စီးပွားရေးကဏ္ဍပိုင်းက ဖြည့်ဆည်းရမယ့် တာဝန်တွေကို အချိန်မီ ဖြည့်ဆည်းဆောင်ရွက်နေတာလားလို့ မေးခွန်းထုတ်စရာလည်း ဖြစ်လာပါတယ်။ ဒါဆိုရင် အာဆီယံ စီးပွားရေးအသိုင်းအ၀န်း (AEC) အတွက် မြန်မာနိုင်ငံအနေနဲ့ မဖြစ်အနေ ဆောင်ရွက်ရမယ့် ပြုပြင်ပြောင်းလဲမှုတွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ဖို့ လိုပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့ ၁၉၉၇ ခုနှစ်ကစလို့ အာဆီယံခေါင်းဆောင်တွေဟာ အဖွဲ့ရဲ့ နှစ် ၃၀ မြောက် ထိပ်သီးအစည်းအဝေးမှာ ၂၀၂၀ ခုနှစ်ရောက်ရင် AEC ထူထောင်ဖို့ ရည်မှန်းချက်ချမှတ်ခဲ့ကြပြီး နောက်ပိုင်းမှာ ၂၀၁၅ ခုနှစ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြတာပါ။ AEC က ဘယ်လို ပေါင်းစည်းမှုလဲ၊ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံက AEC တွန်းအားကို ဘယ်လို ရင်ဆိုင်နေရသလဲ၊ အဲ့ဒီတွန်းအားကြောင့် ပြုပြင်ပြောင်းလဲမှုတွေကို ဘယ်လို အလောသုံးဆယ် ဆောင်ရွက်နေရသလဲ၊ စတဲ့အချက်တွေက လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ကြည့်မြင်ရာမှာ အရေးပါတဲ့ ရှု့ထောင့်တွေ ဖြစ်ပါတယ်။ AEC ကို အလွယ်နားလည်နိုင်တဲ့အချက်က အာဆီယံဟာ ဒေသအတွင်း တခုတည်းသော ဈေးကွက်နဲ့ ကုန်ထုတ်လုပ်မှု အခြေခံဒေသကြီး (Single Market and Production Base) ဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ အဲ့ဒီဈေးကွက်နဲ့ ကုန်ထုတ်လုပ်မှု အခြေခံဒေသကြီးဖြစ်လာဖို့ ဒေသတွင်းနိုင်ငံတွေအကြား ကုန်ပစ္စည်း (Goods)၊ ၀န်ဆောင်မှုလုပ်ငန်း (Services)၊ ရင်းနှီးမြှုပ်နှံမှု (Investment) ငွေကြေးအရင်းအနှီး (Capital)နဲ့ ကျွမ်းကျင်းလုပ်သား (Skilled Labor) စတဲ့ကဏ္ဍတွေမှာ အတားအဆီးအနည်းဆုံးနဲ့ ဆက်သွယ်စီးဆင်းနိုင်ဖို့ ရည်ရွယ်ထားတယ်။ ဒီရည်ရွယ်ချက်တွေ ဖြစ်လာဖို့အတွက် အဖွဲ့ဝင်နိုင်ငံအသီးသီးက ၎င်းတို့ နိုင်ငံတွေရဲ့ အချုပ်အခြာ နယ်နိမိတ်အတွင်း ကျင့်သုံးနေတဲ့ စီးပွားရေးစနစ်တွေမှာ ရှိနေတဲ့ အကန့်အသတ်တွေကို ဖြေလျော့ပေးပြီး စီးပွားရေး လွတ်လပ်ခွင့် (Economic Liberalization) ကို ကျင့်သုံးရတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလည်း အလားတူကျင့်သုံးမှုမျိုး မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ၂၀၁၅ အမီ အာဆီယံအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် လုပ်ဆောင်ရမယ့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အချိန်မီလုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။ ဒါပေမယ့် ယခင်စစ်အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲလိုသူတွေအပေါ် တင်းမာတဲ့ သဘောထားကြောင့် တိုင်းပြည်မှာ နိုင်ငံရေး ရှေ့မတိုး နောက်မဆုတ် အခြေအနေနဲ့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း စစ်အစိုးရစိတ်တိုင်းကျ အချိန်ဆွဲရေးဆွဲခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ်မှ အတည်ပြုနိုင်ပြီး ၂၀၁၀ ခုနှစ်မှာမှ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အာမခံချက် ရရှိသွားသလို ရွေးကောက်ပွဲကတဆင့် အာဏာကိုဆက်လက် ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် လူဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့အစိုးရအသစ်ဟာ ပြုပြင်ပြောင်းလဲရေးကို စိတ်ချလက်ချ စတင်နိုင်တော့တယ်။ ဒါပေမယ့် အချိန်က အတော်ကို နောက်ကျနေပါပြီ။ ၀န်ကြီးချုပ်ဘ၀တုန်းက အခုလိုပြုပြင်ပြောင်းလဲရေးတွေ မလုပ်နိုင်ဘဲ သမ္မတဘ၀ရောက်မှ လုပ်ရတဲ့ သမ္မတဦးသိန်းစိန်ဟာ ၂၀၁၁ မတ်လမှာ သမ္မတတာဝန်ကို စတင်ရယူချင်းပဲ AEC အတွက် သတ်မှတ် အချိန်ဇယားတွေ အတိုင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ချက်ချင်းလုပ်ဖို့ လိုအပ်လာပါတယ်။ ဥပမာပြရရင် အာဆီယံအဖွဲ့ကြီးရဲ့ ASEAN Economic Community Blueprint အချိန်ဇယားမှာ မဟာဗျူဟာနည်းလမ်းတွေနဲ့ ဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းရပ်တွေကို အချိန်ကာလအလိုက် အတိအကျ ချမှတ်ထားတာ ရှိပါတယ်။ အဲ့ဒီထဲက Liberalization ကဏ္ဍမှာ အာဆီယံနိုင်ငံတွေအကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအတွက် နိုင်ငံအသီးသီးရဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အတားအဆီးတွေကို လျှော့ချဖို့နဲ့ ပယ်ဖျက်ဖို့ လုပ်ငန်းစဉ်ကို အဆင့် ၃ ဆင့်ချမှတ်ထားပါတယ်။ ပထမအဆင့်ကို ၂၀၁၀ - ၂၀၁၁၊ ဒုတိယအဆင့်ကို ၂၀၁၂ - ၂၀၁၃ နဲ့ တတိယအဆင့်ကို ၂၀၁၄ - ၂၀၁၅ တွေမှာ အပြီးအပြတ် ဆောင်ရွက်ဖို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရသစ် တာဝန်စတင်ရယူတဲ့ ၂၀၁၁ မှာ မြန်မာဟာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးတွေ လျှော့ချ/ ပယ်ဖျက် ပေးရမယ့် ပထမအဆင့်ကို အပြီးအပြတ် ဆောင်ရွက်ဖို့ တာဝန်ရှိနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအခြေအနေက အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ခံထားရတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု အတားအဆီးတွေ ဖြေလျှော့ပေးဦးတော့ တိုင်းပြည်ရဲ့ကြွယ်ဝတဲ့ သဘာဝအရင်းအမြစ်တွေကို ထုတ်ယူမယ့် အကျိုးအမြတ်ကြီးတဲ့ စီးပွားရေးကဏ္ဍကလွဲလို့ ပြည်သူလူထုအတွက် အမှန်တကယ်လိုအပ်တဲ့ လယ်ယာကဏ္ဍနဲ့ စက်မှုကဏ္ဍတွေကို အာဆီယံနိုင်ငံတွေက အရင်းနှီးတွေ ၀င်ရောက်လာဖို့ အလားအလာ နည်းပါတယ်။ သဘာဝအရင်းအမြစ်တွေ ထုတ်ယူတဲ့ကဏ္ဍမှာလည်း လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အိမ်နီးချင်းနိုင်ငံတွေက ၀င်ရောက်လုပ်ကိုင်ခဲ့တာ အခုဆိုရင် သစ်တောပြုန်းတီးမှုနဲ့ ရင်ဆိုင်နေရသလို သတ္တုတူးဖော်မှုတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ ရင်ဆိုင်နေရလို့ ဘက်ညီမှုမရှိတဲ့ တိုင်းပြည်စီးပွားရေးကို ပြောင်းမှရတော့မယ့် အခြေအနေ ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် AEC က သတ်မှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ပေါ့ရုံ၊ ပယ်ဖျက်ရုံသက်သက် လုပ်ဆောင်လို့မရနိုင်ဘဲ စီးပွားရေးပိတ်ဆို့မှုတွေ ပယ်ဖျက်မှ အာဆီယံအတွင်းကရော ပြင်ပကပါ အရင်းနှီးတွေ ၀င်ရောက်နိုင်မှာ ဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့စီးပွားရေး အဆောက်အအုံ တခုလုံး ပြောင်းလဲမှရမယ်ဆိုတာကို သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရက ကောင်းကောင်းသိမြင်ပုံ ရပါတယ်။ အခုဆိုရင် AEC Investment Liberalization Phase II ထဲကို ရောက်နေပါပြီ။ ဒါကြောင့်လည်း အစိုးရပိုင်းက ရေးဆွဲထားတဲ့ စီးပွားရေး ဖြေလျော့မှုတွေ ပါဝင်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးဖို့ အလောတကြီး လိုလားနေပါတယ်။ တဖက်မှာလည်း အရင်းနှီးတွေ ၀င်ရောက်လာဖို့ အထူးစီးပွားရေးဇုန်တွေ ဖော်ဆောင်နေပြီး အထူးစီးပွားရေဇုန် ဥပဒေကြမ်းကို ထပ်မံရေးဆွဲနေပါသေးတယ်။ ဘဏ်လုပ်ငန်းပိုင်းမှာလည်း စည်းမျဉ်းဥပဒေတွေ ခပ်သွက်သွက်ဖြေလျော့လာတာ တွေ့ရသလို နိုင်ငံခြားဘဏ်တွေကိုလည်း ၂၀၁၅ မတိုင်မီ ပြည်တွင်းမှာ ဖွင့်လှစ်လုပ်ကိုင်နိုင်ဖို့ စီစဉ်နေပါတယ်။ နိုင်ငံခြား ငွေလှယ်နှုန်းကိုလည်း နှုန်းရှင်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သလို နိုင်ငံအတွင်းမှာ မိမိရဲ့ကိုယ်ပိုင် ငွေကြေးဈေးကွက်ထူထောင်နိုင်ဖို့ ငွေကြေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်းကို လွှတ်တော်ကို တင်သွင်းထားပါတယ်။ ဒါတွေအားလုံးဟာ တခြားအာဆီယံနိုင်ငံတွေမှာ အဆင်သင့်ရှိနေ ဖြစ်ပေါ်တိုးတက်နေတာ ဆယ်စုနှစ်နဲ့ရှိနေပေမယ့် မြန်မာနိုင်ငံအတွက် AEC အနားနီးမှာ ဖုတ်ပူမီးတိုက်ဆောင်ရွက်ရသလို ဖြစ်နေပါတယ်။ အဲ့လိုမှမလုပ်ရင် AEC က ပေးတဲ့ အကျိုးကျေးဇူးကို မြန်မာနိုင်ငံအနေနဲ့ ခံစားနိုင်ဖို့ မဖြစ်နိုင်ဘဲ အခြားအာဆီယံနိုင်ငံတွေကပဲ AEC ကြောင့် အကျိုးအမြတ်ကြီးတဲ့ သယံဇာတ အရင်းအမြစ်တွေကို မြန်မာဆီကနေ နှိုက်ယူသွားပါလိမ့်မယ်။ အထက်ကပြောခဲ့သလို AEC ဟာ တခုတည်းသော ဈေးကွက်ဖန်တီးဖို့ ဖြစ်တဲ့အတွက် နိုင်ငံတွေအကြား ထားရှိထားတဲ့ ကုန်သွယ်ခွန်တွေကို လုံးဝနီးပါး လျှော့ချကြရပါမယ်။ ဒါကြောင့် အာဆီယံနိုင်ငံတခုက ထုတ်လုပ်တဲ့ ကုန်ပစ္စည်း တခုဟာ အတားအဆီးမရှိ အခြားအာဆီယံနိုင်ငံတခုမှာ ဈေးကွက်ရှာနိုင်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ မြန်မာနိုင်ငံက အခြားနိုင်ငံဈေးကွက်ကို တင်ပို့ရောင်းချစရာ ကုန်ပစ္စည်းမရှိရင် ဘာအကျိုးအမြတ်မှ မရနိုင်သလို အာဆီယံနိုင်ငံတွေက ထုတ်ကုန်ပစ္စည်းဟာလည်း မြန်မာဈေးကွက်ကို အခွန်နှုန်းအနည်းဆုံးနဲ့ ဒလဟော ၀င်ရောက်လာမှာ ဖြစ်တဲ့အတွက် ပြည်တွင်းက လုပ်ငန်းရှင်တွေ မယှဉ်ပြိုင်နိုင်ဘူးဆိုရင် ပြိုလဲဖို့ရှိပါတယ်။ ခြုံပြောရရင် မြန်မာဟာ AEC အတွက် အဆင်သင့်ဖြစ်ဖို့ အများကြီးပြင်ဆင်ဖို့ လိုအပ်နေပါသေးဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း နိုင်ငံရေးပဋိပက္ခတွေနဲ့ အချိန်ဖြုန်းခဲ့တဲ့ မြန်မာဟာ ဒေသတွင်းက နိုင်ငံရေး၊ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုနဲ့ အဆက်ပြတ်ခဲ့ပါတယ်။ အခုကျမှ ပြုပြင်ပြောင်းလဲရေးဆိုပြီး ကောက်ခါငင်ခါ ထလုပ်ရတဲ့အတွက် ကြည့်ရတာလည်း ရင်တမမပါပဲ။ ဒေသတွင်းမှာ တိုင်းပြည်ခေတ်နောက်ကျကျန်ခဲ့တာကို ကြည့်ပြီး သူတို့ကြောင့်လို့ အပြစ်မတင်နိုင်ဘဲ ခေါင်းဆောင်ကြီးများ ကျောချင်းခိုင်းပြီး ဆက်လက် ခေါင်းမာမနေတော့ဘဲ မျက်နှာချင်ဆိုင်စကားပြောဖို့ ဆုံးဖြတ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးတွေ စတင်လာတာကိုပဲ ကြိုဆိုရမယ့် အခြေအနေ ဖြစ်နေပါတော့တယ်။ နောက်တပတ်မှာ အိမ်နီးချင်းထိုင်းနိုင်ငံက မြန်မာ့အပြောင်းအလဲကနေ ၎င်းတို့အတွက် စီးပွားရေးအကျိုးအမြတ်တွေ ဖြစ်ထွန်းလာမယ်လို့ ယုံကြည်ပြင်ဆင်နေပုံကို ဖော်ပြသွားပါမယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up