Home
မြန်မာသတင်း
မိလ္လာကျင်းထဲ ဖုန်းဆင်းကောက်ရာကနေ ကျောင်းသား ၄ ဦးသေဆုံး
နော်နိုရင်း
·
October 17, 2018
44102174_2232425230372419_5230394049034190848_n
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောကျေးရွာအုပ်စု၊ ဈေးကုန်းကျေးရွာမှာ မိလ္လာကျင်းထဲ ကျသွားတဲ့ တယ်လီဖုန်းကို ဆင်းကောက်ရာကနေ ကျောင်းသား ၄ ဦးသေဆုံးသွားပါတယ်။ ဈေးကုန်းကျေးရွာ သစ္စာပညာဥယျာဉ်ဘော်ဒါဆောင်နေတဲ့ ကျောင်းသား ၄ ဦးဟာ ဒီနေ့မနက် မိလ္လာကျင်းထဲဖုန်းကျလို့  ဆင်းကောက်ရာကနေ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တာလို့ ကျေးကုန်းကျေးရွာက ကိုကျော်ဝေဖြိုးက ပြောပါတယ်။ “ဖုန်းပြုတ်ကျလို့ ဆင်းဆယ်ရင်းနဲ့မှ တစ်ယောက်သေ၊ တစ်ယောက်သေနဲ့ အကုန်လုံး ကျတာလေ။ အဲလိုကျပြီးတော့ ဘော်ဒါလည်း စာသင်ချိန်ဆိုတော့မသိလိုက်ဘူး။ နောက်ဆုံး တယောက်မှ ကြိုးလာယူရင်းနဲ့သိတော့ Ungent သွားကြတဲ့အခါကျတော့ မမီကြတော့ ဘူးလေ” သေဆုံးသူကျောင်းသားတွေဟာ ဒသမတန်းကျောင်းသား ၂ ယောက်နဲ့ အဋ္ဌမတန်းကျောင်းသား ၂ ဦးတို့ဖြစ်ပါတယ်။ သူတို့ရဲ့ဆရာတယောက်ရဲ့ဖုန်း  ပြုတ်ကျခဲ့တာဖြစ်ပြီး ဆင်းမဆယ်ဖို့ သတိပေးထား ပေမယ့် ကျောင်းတက်ချိန်မှာ အဆိုပါကလေးတွေဟာ ဖုန်းသွားရောက်ဆယ်ယူခဲ့တာ လို့လည်း ပြောပါတယ်။ မိလ္လာကျင်းဟာ ၁၂ ပေလောက်နက်တဲ့အတွက်လည်း အားလုံး အောင်စီဂျင်ပြတ် သေဆုံးခဲ့တာလို့လည်းပြောပါတယ်။ သေဆုံးသွားတဲ့ကျောင်းသားလေးတွေဟာ ဈေးကုန်းကျေးရွာက တယောက်၊ လက်ခုတ်ပင်ကျေးရွာက  ၂ ယောက်နဲ့ ရန်ကုန်က ၁ ယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။ သေဆုံးသူတွေကတော့  မောင်သန်းတိုးအောင်၊ မောင်ထိုက်မင်းရှိန်၊ မောင်ဇေယျာမင်းချစ် နဲ့ မောင်ဟိန်းထက်စံတို့ ဖြစ်ကြပြီး သူတို့ရဲ့ ရုပ်လောင်းကိုတော့ ရွှေပန်းတောတိုက်နယ်ဆေးရုံမှာသာ ထားရှိ စစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းနယ်၊ ဆန်ကျိန်းရွာမှာ အမျိုးသမီးတဦး အိမ်သာတက်ရင်း ဖုန်းပြုတ်ကျရာက အိမ်သာတွင်းထဲ ဆင်းဆယ်ယူတဲ့ အမျိုးသား ၄ဦး သေဆုံးသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024