Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနှင့်ပတ်သက်၍ တိုင်ကြားမှု ၃ မှုရှိ
ဇေယျာချမ်းအေး
·
October 17, 2018
ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွေနဲ့ပတ်သက်တဲ့ တိုင်ကြားမှုဟာ  သုံးမှုသာရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားတဲ့ မဲဆွယ်စည်းရုံးကာလ ငါးပတ်အတွင်း မဲဆန္ဒနယ် ၁၃ နေရာမှာ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွေနဲ့ပတ်သက်တဲ့ တိုင်ကြားမှုက သုံးခုပဲရရှိခဲ့တာပါ။ အဲဒီ အမှုသုံးခုကတော့ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီတို့က အပြန်အလှန်တိုင်ကြားမှု ၂ခုနဲ့၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းတစ်ဦးက ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့တဲ့ အမှုတစ်ခုတို့ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက တိုင်ကြားတဲ့အမှုကတော့ အန်အယ်လ်ဒီက နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ ရုပ်ပုံတွေအသုံးပြုပြီး မဲဆွယ်တာနဲ့ မဲဆွယ်စည်းရုံးရေး ပစ္စည်းတွေ ဖျက်ဆီးခံခဲ့ရတာကို တိုင်ကြားခဲ့တာဖြစ်တယ်လို့  ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ စီမံကိန်းမန်နေဂျာ ကိုဟန်စိုးထွန်းက ပြောပါတယ်။ မဲဆွယ်ရာမှာ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဓာတ်ပုံကို အသုံးပြုတာဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ ညိစွန်းမှုမရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပေးထားပါတယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာတဲ့ အစီအစဉ်ကိုရွေးကောက်ပွဲ ဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့နဲ့ ဖန်တီးအိမ်အဖွဲ့တို့ ပူးပေါင်း ပြီးဆောင်ရွက်ခဲ့တာပါ။ ကြားဖြတ်ရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁၃ နေရာကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဲဒီအထဲက ကိုယ်စားလှယ်လောင်း ၇ ဦးသာ အမျိုးသမီးတွေဖြစ်တဲ့အတွက် အမျိုးသမီးတွေပါဝင်ခွင့်က နည်းပါးနေဆဲဖြစ်တယ်လို့ ဖန်တီးအိမ် အဖွဲ့တာဝန် ရှိသူကပြောပါတယ်။ ဖန်တီးအိမ်အဖွဲ့  ဒါရိုက်တာ မခင်လေးငယ် က “ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီက စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးဘာသာသာသနာအရေး အလုပ်ကိုင် အခွင့်အလမ်းစတဲ့အချက်တွေနဲ့ မဲဆွယ်စည်းရုံးခဲ့ပြီး အန်အယ်လ်ဒီကတော့ အလုပ်သမား အရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးစတဲ့အချက်တွေနဲ့ မဲဆွယ်စည်းရုံးခဲ့တယ်”လို့ ပြောပါတယ်။ ကြံ့ခိုင်ရေးနဲ့ အန်အယ်လ်ဒီတို့ အပြန်အလှန်တိုင်ကြားမှုတွေကိုတော့ အောက်ခြေအဆင့် မှာတင် ပြေလည်အောင်ဖြေရှင်းပေးထားတယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဒီဗွီဘီကိုပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024