မွန်ပြည်နယ်တရားရုံးကို ဒေသခံပြည်သူများဆန္ဒပြ

2K
မွန်ပြည်နယ်က တရားရုံးဆုံးဖြတ်ချက်တွေဟာ တရားမျှတမှုမရှိဘဲ တဖက်သတ် ဘက်လိုက်မှုတွေ ရှိနေတယ်ဆိုပြီး မကျေနပ်တဲ့အတွက် ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့နဲ့ မော်လမြိုင်မြို့တို့မှ ရဟန်းရှင်လူပြည်သူ ရာနဲ့ချီကာ အောက်တိုဘာ ၁၆ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်မှ မွန်ပြည်နယ် တရားလွှတ်တော်၊ ပြည်နယ်တရားရုံးရှေ့အထိ ချီတက်လှည့်လည်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြသူတွေက “သုဓမ္မ၀တီ သီလရှင်စာသင်တိုက် သာသနာ့နယ်မြေပြန်လည်ရရှိရေး၊ မတရားသည့် တရားစီရင်မှုစနစ် ပပျောက်ရေး၊ လာဘ်ပေးလာဘ်ယူစနစ် ပပျောက်ရေး၊ ပြည်သူ့ဘ၀လုံခြုံမှု အာမခံချက် ပေးနိုင်သည့် တရားစီရင်ရေးစနစ်ပေါ်ပေါက်ရေး၊ မမှန်မကန်ဆောင်ရွက်သည့် တရားရေး ၀န်ထမ်းများ အရေးယူ ဆောင်ရွက်ပေးရေး၊ အမျိုးဘာသာ သာသနာကို မကြည့်သော တရားသူကြီးနှင့်ဝန်ထမ်းများ အလိုမရှိစတဲ့ေ ဆာင်ပုဒ်တွေနဲ့အတူ တရားသူကြီးတွေ ကျမ်းကိုင် တရားစီရင်ရေးစနစ် ပေါ်ပေါက်ရေးကိုလည်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
တရားဥပဒေစိုးမိုးရေးအတွက် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အနေနဲ့ အပတ်စဉ်သောကြာနေ့တိုင်း ညှိနှိုင်းအစည်းအဝေးတွေပြုလုပ်ပြီး အပတ်စဉ်တနင်္လာ နေ့တိုင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် ကြပ်မတ်လျက်ရှိတယ်လို့ မွန်ပြည်နယ် လုံ/နယ် ၀န်ကြီးဗိုလ်မှူးဝင်းနိုင်ဦးက မွန်ပြည်နယ်လွှတ်တော်မှာ ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့မေလအလယ်ပိုင်းကလည်း တရားစီရင်ရေးမဏ္ဍိုင်နဲ့ ပတ်သက်ပြီး ကျိုက်ထို၊ မော်လမြိုင်၊ ရေးမြို့နယ်တို့မှာ သုံးကြိမ်ဆက်တိုက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။