Home
မြန်မာသတင်း
တရုတ်ရဲတပ်ဖွဲ့ဝင်များ မူဆယ်ကို လက်နက်ဖြင့် အုပ်စုလိုက် ၀င်ရောက်
ပိုင်စိုး
·
October 17, 2018
တရုတ်ရဲတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံဘက် မူဆယ်ကို  လက်နက်နဲ့ အုပ်စုလိုက် ၀င်ရောက်လာတဲ့အပေါ် ကန့်ကွက်စာ ပေးပို့သွားမယ်လို့ မူဆယ် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူက ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ ဒီကနေ့မနက် ၈ နာရီလောက်က ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့နယ်ရှိ နယ်စပ်ဂိတ်ပေါက်(ဆင်ဖြူပေါက်)နားမှာဖြစ်ပွားခဲ့တာပါ။ ဈေးကော်မတီရုံးဆောက်နေတဲ့ နေရာဟာ တရုတ်ပိုင်နက်မှာပါတယ်ဆိုပြီး တရုတ် ရဲတပ်ဖွဲ့ဝင် ၂၀ လောက် ဒီမနက်ပိုင်းက လာရောက် တားမြစ်ကြတာပါ။ မူဆယ်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက “ဖြစ်တဲ့ အချိန်မှာတော့ ကျနော်တို့ မရှိပါဘူး။ သူတို့က သူတို့ပိုင်နက်ထဲပါတယ်ဆိုပြီး လာကန့်ကွက်တာပေါ့။ ဈေးကော်မတီ ဥက္ကဋ္ဌက ဒီလိုတော့ ကန့်ကွက်လို့ မရဘူး။ သက်ဆိုင်ရာက စာနဲ့ကန့်ကွက်ပါဆိုပြီး ပြောလိုက်တယ်။ ဆောက်တာကိုတော့ ခဏရပ်ပေးထားပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ကျနော်တို့နိုင်ငံထဲကို ဝင်ရောက်ပြီး တားမြစ်တဲ့အတွက် ကန့်ကွက်စာပို့ဖို့ အခု လုပ်နေပါတယ်။ မြို့နယ်နယ်စပ်အာဏာပိုင်အနေနဲ့ တဖက် ရွှေလီပြည်ပရေးရာဌာနကို ဒီနေ့ပို့မှာပါ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလလကလည်း  ပန်ဆိုင်းမြို့နယ်၊ ဖိုင်ကောင်းရွာထဲကို တရုတ်တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး မြေတူးစက်နဲ့ တူးတာ၊ အုတ်တံတိုင်းခတ်တာတွေ လုပ်ခဲ့လို့ ဒေခံတွေနဲ့ စကားများခဲ့ ကြပါသေးတယ်။ အဲဒီကိစ္စကိုလည်း မြန်မာဘက်က ကန့်ကွက်ခဲ့ပြီး အခုတော့ အဆင်ပြေသွားပြီလို့ ဦးအောင်ကျော်မိုးက ဆိုပါတယ်။ “ကျနော်တို့ ချက်ချင်းကန့်ကွက်တယ်။ နောက်နေ့ မိုးမလင်းခင်မှာပဲ တံတိုင်းခတ်ဖို့ လုပ်ထားတဲ့ သံချောင်းတွေကို သူတို့ ပြန်ဖြုတ်သွားကြတယ်။ တူးထားတာတွေကိုလည်း ဒေသခံတွေက ပြန်ဖို့ထားကြပါပြီ” လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024