ပြည်နယ်များ၌ တိုင်းရင်းသားများ နိုင်စေချင်၍ ရွေးကောက်ပွဲမ၀င်ဟု ကြံ့ခိုင်ရေးပါတီပြော
DVB
·
October 17, 2018

ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေကို အနိုင်ရစေချင်တဲ့ စေတနာကြောင့် ကြားဖြတ် ရွေးကောက်ပွဲ တချို့နေရာမှာ ဝင်မပြိုင်တဲ့အပြင် တိုင်းရင်းသားပါတီတွေ အနိုင်ရအောင် ကူညီပေးမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီ ခေါင်းဆောင်က ပြောပါတယ်။
ပါတီဗဟို ဥက္ကဋ္ဌ ဦးသန်းဌေးက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ် ပါတီရုံးမှာပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
"တိုင်းရင်းသားပြည်နယ်တစ်ခုဖြစ်တယ်ဆိုရင် အဲဒီပြည်နယ်မှာ တိုင်းရင်းသားတွေရဲ့ အသံကိုထင်ဟပ်စေတယ်လို့ ယူဆလို့ရတဲ့ တိုင်းရင်းသားပါတီကို အနိုင်ရစေချင်တယ်။ အဲ့ဒါကျတော်တို့စေတနာပဲ။ အဲ့ဒီစေတနာကိုပြတဲ့အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ်တွေမှာ သက်ဆိုင်ရာပြည်နယ်လွှတ်တော်ကို သွားမယ့် မဲဆန္ဒနယ်တွေကို ကျနော်တို့ မပြိုင်ပါဘူး။ မပြိုင်တဲ့အပြင် အဲဒီတိုင်းရင်းသားပါတီတွေအတွက် ယှဉ်ပြိုင်ခွင့်အခွင့်အရေး ရအောင် ကျနော်တို့ရဲ့ အခွင့်အရေးကို ဆုံးရှုံးခံလိုက်တယ်"
ပါတီခေါင်းဆောင်က ခုလိုပြောနေပေမယ့် နိုဝင်ဘာ ၃ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ မြစ်ကြီးနားမြို့နယ်က လစ်လပ်နေတဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဆီဟူဒွေ့က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။